ရခိုင်ပြည်နယ်ရှိ မြို့အချို့တွင်စက်သုံးဆီပြတ်လပ်မှုကြောင့် တယ်လီကွန်းတခုဖြစ်သော အမ်ပီတီ(MPT)ဆက်သွယ်ရေးလိုင်း ပြတ်တောက်သွားသည်မှာ သုံးရက်ရှိပြီဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။
ပြည်နယ်အတွင်းရှိ အမ်းမြို့၊ တပ်တောင်မြို့၊မြေပုံမြို့၊ကမ်းထောင်းကြီးမြို့များရှိ ကျေးရွာအများစုတွင် စက်သုံးဆီဝယ်ယူ၍မရသဖြင့် ဆက်သွယ်ရေးတာဝါတိုင်များ၏ လက်ကျန်ဆီကုန်ခမ်းသွားသောကြောင့် အမ်ပီတီ(MPT) အော်ပရေတာလိုင်း ပြတ်တောက်သွားခြင်းဖြစ်ကြောင်း အမ်းမြို့ဒေသခံတဦးက မဇ္စျိမကိုပြောသည်။
" အမ်းမြို့မှာ MPT လိုင်းမရတော့ဘူး၊ Mytel တလိုင်းပဲမိတယ်။ Atom က ဒီဘက်သိပ်မသုံးပေမယ့် တပ်တောင်မြို့ဘက်မှာတော့ လိုင်းပြတ်သွားတာရှိတယ်။ ဒီတာဝါတိုင်ထဲမှာရှိတဲ့ စက်သုံးဆီကုန်ရင်တော့ ပြတ်တောက်သွားနိုင်သလို တခြားရွာတွေမှာရှိတဲ့ တာဝါတိုင်တွေလည်း ဆီကုန်ရင် MPT အပါအဝင် တခြားတိုင်တွေ ပြတ်သွားနိုင်ချေရှိတယ်။ အခုလည်းစက်သုံးဆီတွေ ဝယ်မရတော့ပါဘူး"ဟု ၎င်းကပြောသည်။
စစ်ကောင်စီဘက်မှ ကုန်းလမ်း၊ ရေလမ်းကြောင်းပိတ်ဆို့ထားမှု၊ တမြို့နယ်နှင့်တမြို့နယ် ဖြတ်သန်းသွားလာမှုနှင့် သယ်ယူပို့ဆောင်မှုများအဝင်အထွက်ပိတ်ဆို့ထားမှုကြောင့် စက်သုံးဆီပြတ်လပ်သွားခြင်းဖြစ်ကြောင်းဒေသခံများက ဆိုသည်။
လက်ရှိအခြေအနေအရ သံတွဲမြို့နှင့်စစ်တွေမြို့ပေါ်ရှိ ဆိုင်အချို့တွင်သာစက်သုံးဆီအနည်းငယ် ဝယ်ယူနိုင်သော်လည်း အကန့်အသတ်ဖြင့်သာရောင်းချနေ၍ သံတွဲမြို့ပေါ်တွင် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးထံ ထောက်ခံစာပါမှသာလျင် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သံတွဲမြို့ခံများ၏အဆိုအရ သိရသည်။
အမ်းမြို့နှင့်မြေပုံမြို့အပြင်မင်းပြားနှင့်မြောက်ဦးမြို့တွင်လည်း ယခုရက်ပိုင်းအတွင်း ရောင်းချသည့်စက်သုံးဆီဆိုင်များ ပိတ်သွားသောကြောင့် ပရီမီယမ်ဒီဇယ်ဆီ၊ 92/95 အောက်တိန်း၊ ဓာတ်ဆီ၊ ရေနံဆီများဝယ်ယူ၍မရတော့ကြောင်း သိရသည်။
"ဆီပြတ်သွားတာဟုတ်ပါတယ်၊ ဓာတ်ဆီဆိုင်တွေမှာဆိုပိုဆိုးပေါ့။ ဆီမရှိတော့လို့ ဆိုင်ကယ်တွန်းသွားရတဲ့သူတွေတောင် ရှိတယ်။ ဝယ်လို့ရတုန်းက ဓာတ်ဆီတလီတာ ၆,၀၀၀ ထိစျေးတက်သွားတာပါ"ဟု မြောက်ဦးမြို့ဒေသခံတဦးက ပြောသည်။
စစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်း နိုဝင်ဘာလ ၁၃ ရက်မှစ၍အဘက်ဘက်မှပိတ်ဆို့ထားသည့်အပြင် နေရာတချို့ မြို့တွင်းစစ်ဆေးရေးဂိတ်များတွင် စက်သုံးဆီသယ်ယူခွင့်အပါအဝင် စျေးဝယ်ခွင့်၊ နာရေးကိစ္စ၊ကိုယ်ဝန်ဆောင်များ မီးဖွားခွင့်၊ ဆေးကုသမှုယူရန် ဖြတ်သန်းသွားလာခွင့်ပါ ပိတ်ပင်ထားကြောင်း ဒေသခံများကဆိုသည်။
စစ်ရေးအရှိန်မြင့်တက်နေသည့် မောင်တော၊ ပေါက်တော၊ ချင်းပြည်နယ်ပလက်ဝဒေသတို့တွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာနေဆဲဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)