စစ်ဆင်ရေး ၁၀၂၇ ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် သုံးဆယ်မြို့ရဲစခန်းကိုတိုက်ခိုက်ဟုဆို

By ရွှေနွယ် (မဇ္ဈိမ)
21 November 2023
စစ်ဆင်ရေး ၁၀၂၇ ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် သုံးဆယ်မြို့ရဲစခန်းကိုတိုက်ခိုက်ဟုဆို

ပဲခူးတိုင်း၊ သာယာဝတီခရိုင် သုံးဆယ်မြို့နယ်၌ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မဟာမိတ်တပ်ဖွဲ့များ ဖော်ဆောင်လျက်ရှိသော စစ်ဆင်ရေး ၁၀၂၇ ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် သုံးဆယ်မြို့ရဲစခန်းအား တိုက်ခိုက်ခဲ့သည်ဟု သာယာဝတီဂဠုန်တပ်ဖွဲ့မှ ထုတ်ပြန်သည်။

ယမန်နေ့ နိုဝင်ဘာ ၂၀ ရက်နေ့ ည ၉ နာရီ ၁၂ မိနစ်အချိန်ခန့်က ရဲစခန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ စစ်ဆင်ရေးသည် “ပဲခူးတိုင်း နန်းထိုက်အောင်” စစ်ဆင်ရေးဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

"အင်အားက ခန့်မှန်း ၃၀ ကျော်ပါ။ သူတို့ဘက်က ကျွန်တော်တို့ ပစ်ခတ်ချိန်မှာ အလစ်ဖြစ်သွားတော့ ချက်ချင်းမပစ်ဘဲ ပတ်ပြေးနေကြတာပါ။ သူတို့ဘက်က ရဲဘော်တဦးကတော့ သေချာပေါက် သေလောက် ဒဏ်ရာရပါတယ်" ဟု ဂဠုန်တပ်ဖွဲ့ စစ်ရေးတာဝန်ခံ ကိုတံခွန်က မဇ္ဈိမကိုပြောသည်။

၎င်းတို့အနေဖြင့် စခန်းအတွင်းထိ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းမဟုတ်ဘဲ စခန်းအပေါက်ဝရှိ ရဲတပ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဂဠုန်တပ်ဖွဲ့ဝင်များ ဆုတ်ခွာပြီးနောက်မှသာ စခန်းတွင်းမှ ပစ်ခတ်သံများထွက်ပေါ်လာသည်ဟုလည်း ကိုတံခွန်ကပြောသည်။

တိုက်ခိုက်မှုအတွင်း ရဲစခန်းတွင်းမှ ထိခိုက်သေဆုံးအခြေအနေများကို ဆက်လက်အတည်ပြုနေဆဲဖြစ်သည်ဟုလည်း ပြောသည်။

သုံးဆယ်ရဲစခန်းသည် သုံးဆယ်မြို့လယ် ရန်ကုန်−ပြည်လမ်း အနီးတွင်တည်ရှိခြင်းဖြစ်သည်။

ရဲစခန်းဝင်းအတွင်းတွင် စခန်းနှင့်အတူ မိသားစုလိုင်းခန်းများပါ ရှိနေခြင်းဖြစ်သည်ဟု ကိုတံခွန်က ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက်နေ့ကလည်း သာယာဝတီခရိုင် မင်းလှမြို့နယ်ရှိ စစ်ကောင်စီ၏ စစ်သားစုဆောင်းရေးတာဝန်ခံ ဗိုလ်ကြီး မျိုးဆန်းဝင်းအား သာယာဝတီဂဠုန်တပ်ဖွဲ့မှ “ပဲခူးတိုင်း နန်းထိုက်အောင်စစ်ဆင်ရေး" အဖြစ် ပစ်ခတ်ခဲ့ရာ နေရာတွင်ပင် သေဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။

ပုံအညွန်း − သုံးဆယ်မြို့ မြင်ကွင်း

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#နန်းထိုက်အောင်

#သုံးဆယ်မြို့ရဲစခန်း

#စစ်ဆင်ရေး၁၀၂၇

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly