မြန်မာ့အရေးက အာဆီယံအတွက် ခက်ခဲသော ပြဿနာဖြစ်နေဟု ဖိလစ်ပိုင်သမ္မတ ပြော

မြန်မာ့အရေးက အာဆီယံအတွက် ခက်ခဲသော ပြဿနာဖြစ်နေဟု ဖိလစ်ပိုင်သမ္မတ ပြော
Photo: AFP

အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အုပ်စုအတွက် မြန်မာပဋိပက္ခအရေးက ဖြေရှင်းရန် ခက်ခဲသော ပြဿနာတခု ဖြစ်နေပြီး ပြေလည်အောင် ဖြေရှင်းပေးမှုဆီသို့ ရောက်စေရန် တိုးတက်မှု နည်းပါးနေသလို တိုက်ပွဲများကလည်း ပြင်းထန်လာသည်ဟု ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ပြောသည်။

အာဆီယံနိုင်ငံများထံမှ ကတိပြုနှစ်မြှုပ်ထားမှု ရှိသော်လည်း မြန်မာအရေးကိစ္စက လူသားချင်းစာနာမှုဆိုင်ရာ သက်ရောက်မှု အပါအဝင် ခက်ခဲရှုပ်ထွေးကြောင်း မစ္စတာ မားကို့စ်က ဟာဝိုင်အီရှိ ဖိုရမ်တခု၌ စကားပြောဆိုစဉ် ထည့်သွင်းပြောကြားသည်။

၂၀၂၁ ခုနှစ်တွင် စစ်တပ် အာဏာသိမ်းပြီးကတည်းက မြန်မာတွင် လူပေါင်း တသန်းကျော် နေရပ်အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရသလို စစ်အာဏာသိမ်းမှုကြောင့် ဆယ်စုနှစ်တစုကြာ မရဲတရဲ ဒီမိုကရေစီ လျှောက်လှမ်းမှုကို အဆုံးသတ်စေခဲ့ကာ နိုင်ငံကိုလည်း ပဋိပက္ခနှင့် စီးပွားရေး ပြိုလဲပျက်စီးမှုအောက်သို့ ထိုးစိုက်ကျစေခဲ့သည်ဟု ကုလသမဂ္ဂက ပြောသည်။

“ဒီ ပြဿနာကို ဖြေရှင်းဖို့ အာဆီယံအတွက် တွန်းအား အများကြီး ရှိတယ်။ ဒါပေမယ့် ဒါက အလွန့်၊ အလွန်ကို ခက်ခဲတဲ့ ပြဿနာတခုပါ” ဟု မစ္စတာ မားကို့စ်က ပြောသည်။

အာဏာသိမ်းမှုအလွန် အတိုက်အခံ ဆန့်ကျင်သူများအပေါ် စစ်အုပ်စု၏ ဖြိုခွင်းနှိမ်နင်းမှုကြောင့် ခုခံတော်လှန်ရေး လှုပ်ရှားမှုတရပ်ကို ပေါ်ပေါက်စေပြီး အဆိုပါ လှုပ်ရှားမှုသည် အင်ပြည့်အားပြည့် ကြီးထွားလာခဲ့သည်။ အာဆီယံအုပ်စု၏ ငြိမ်းချမ်းရေး လမ်းပြမြေပုံအပေါ် မြန်မာစစ်အုပ်စုက လိုက်နာဖော်ဆောင်မှု မရှိမချင်း စစ်အုပ်စု၏ ထိပ်တန်းဗိုလ်ချုပ်ကြီးများကို အစည်းအဝေးတက်ရောက်ခြင်းမှ အာဆီယံက ပိတ်ဆို့တားမြစ်ထားသည်။

ဖိလစ်ပိုင်သည် ၂၀၂၆ တွင် မြန်မာအစား အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူမည် ဖြစ်သည်။
အာဏာသိမ်းစစ်တပ်သည် ညီနောင် မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့နှင့် ဒီမိုကရေစီလိုလားသော တပ်ဖွဲ့ဝင်များ၏ ချိတ်ဆက်ညှိနှိုင်း ထိုးစစ်ဆင်မှုတရပ်ကို ရင်ဆိုင်နေရပြီး ပြီးခဲ့သည့် အောက်တိုဘာလကတည်းက လူသိန်းချီ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်။

စစ်အုပ်စုသည် ၎င်းတို့၏ တပ်တွင်းထံမှ ထောက်ခံမှုကို ဆုံးရှုံးနေရပြီဖြစ်သည်ဟု များမကြာမီက တိုက်ပွဲအရှိန်မြင့်လာမှုအပေါ် စိစစ်သုံးသပ်ချက်များကို ကိုးကားပြီး မစ္စတာ မားကို့စ်က ပြောသည်။

ပဋိပက္ခ၏ လူသားချင်းစာနာမှုဆိုင်ရာ ထိခိုက်သက်ရောက်စေမှုက များမကြာမီ နှစ်များအတွင်း များစွာ ကြီးထွားခဲ့ပြီး ဖိလစ်ပိုင်အပေါ်တွင်လည်း ထိခိုက်စေမှုများ ရှိကာ မြန်မာရှိ လူကုန်ကူးမှု၏ သားကောင်ဖြစ်ရသူများထဲတွင် မိမိတို့နိုင်ငံသားများလည်း ပါဝင်နေကြောင်း မားကို့စ်က ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly