ဆီနီဂေါ ကွင်းလယ်ကစားသမားနှင့် ယူ-၂၃ လက်ရွေးစင်ဟောင်း မျိုးမင်းဇော် တို့ကို ဇေယျာရွှေမြေအသင်း ခေါ်ယူ

ဆီနီဂေါ ကွင်းလယ်ကစားသမားနှင့် ယူ-၂၃ လက်ရွေးစင်ဟောင်း မျိုးမင်းဇော် တို့ကို ဇေယျာရွှေမြေအသင်း ခေါ်ယူ
မြန်မာ ယူ-၂၃ အသင်းနှင့်အတူ လေ့ကျင့်ခန်း ပြုလုပ်နေသည့် မျိုးမင်းဇော်အား တွေ့ရစဉ် (ဓာတ်ပုံ-ရွှေဘုတ်)

ဧပြီ ၂၆ ၊ ရန်ကုန်။                ။ မြန်မာနေရှင်နယ်လိဂ် ရာသီဝက် အပြောင်းအရွေ့ဈေးကွက်ဖွင့်ချိန်တွင် ဇေယျာရွှေမြေအသင်းအနေဖြင့် ဆီနီဂေါ ကွင်းလယ်ကစားသမား ထရာအိုရေးနာမန် နှင့် မြန်မာ ယူ-၂၃ လက်ရွေးစင်ကစားသမားဟောင်း မျိုးမင်းဇော် တို့ကို ခေါ်ယူရန် သဘောတူညီမှု ရရှိထားသည် ဟု အသင်းမီဒီယာတာဝန်ခံ ကိုကျော်ကျော်မိုးက ပြောသည်။ အသက် ၂၈ နှစ်အရွယ်ရှိ ဆီနီဂေါ ကွင်းလယ်ကစားသမား ထရာအိုရေးနာမန်သည် လာမည့် မေလတွင် ဇေယျာရွှေမြေအသင်းနှင့် လာရောက်ပူးပေါင်းမည် ဖြစ်ပြီး မျိုးမင်းဇော်မှာမူ လက်ရှိတွင် အသင်းနှင့်အတူ   ခြေစွမ်းစမ်းသပ်၍ လေ့ကျင့်ခန်းပြုလုပ်လျက်ရှိကာ ရက်ပိုင်းအတွင်း စာချုပ် ချုပ်ဆို သွားမည် ဖြစ်သည်။

“ နိုင်ငံခြားသားအသစ်က ဆီနီဂေါက ထရာအိုရေးနာမန်ကို ခေါ်ဖို့ သဘောတူထားပြီးပါပြီ။ ကွင်းလယ်တိုက်စစ်ပိုင်း ကစားမှာပါ။ မေလအစပိုင်းမှာ စာချုပ်ချုပ်ပြီး အသင်းနဲ့ လာပူးပေါင်းမှာပါ။   ပြည်တွင်းအနေနဲ့တော့ မကွေးက တောင်ပံကစားသမား မျိုးမင်းဇော်ကို ခေါ်ဖို့ သဘောတူထားပါတယ်။ သူကတော့ လက်ရှိလည်း အသင်းမှာ ခြေစွမ်းစမ်းသပ်ရင်း အတူလေ့ကျင့်မှုတွေ ပြုလုပ်နေပါပြီ။ စာချုပ်ချုပ်ဖို့ပဲ ကျန်ပါတော့တယ်။ နောက်ထပ်ထပ်ခေါ်ဖို့ ကောင်းစည်သူကိုလည်း ဇွဲကပင်အသင်းနှင့် ညှိနေပါတယ်။ ဒု-အကျော့အတွက် ပြည်တွင်းကစား အနဲဆုံး ၃ ယောက်လောက် အားဖြည့်သွားမှာပါ ” ဟု ကိုကျော်ကျော်မိုးက အသင်း၏ ဒုတိယအကျော့ပြင်ဆင်မှုနှင့် ပတ်သက်၍ ပြောသည်။

ဇေယျာရွှေမြေအသင်းသည်  ၂၀၁၆ ဘောလုံးရာသီပထမအကျော့တွင် နိုင်ငံခြားသားကစားသမားများအဖြစ် ကော်စတာရီကာ တိုက်စစ်မှူး ဗစ်တာ၊ နိုင်ဂျီးရီးယားနောက်ခံလူ အီဗရာဟင်၊ အင်ဒိုနီးရှားနောက်ခံလူ ဒူဒူ တို့ကို ခေါ်ယူထားသည့်အတွက် လက်ရှိ ဆီနီဂေါ ကစားသမား ထရာအိုယေးနာမန်မှာ အသင်း၏ နိုင်ငံခြားသားကစားသမား နောက်ဆုံးခေါ်ယူမှု ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly