လက်စတာတိုက်စစ်မှူး ဗာဒီ တစ်ပွဲပယ်ပြစ်ဒဏ် ထပ်တိုးချမှတ်ခံရ

လက်စတာတိုက်စစ်မှူး ဗာဒီ တစ်ပွဲပယ်ပြစ်ဒဏ် ထပ်တိုးချမှတ်ခံရ

ဧပြီ ၂၆၊ လက်စတာ ။              ။ ဝက်စ်ဟမ်းအသင်းနှင့် ၂-၂ ဂိုးဖြင့် သရေကျခဲ့သည့်ပွဲတွင် ကွင်းလယ်ဒိုင်ကို အော်ဟစ်ပြောဆိုခဲ့သည့် အပြုအမှုအတွက် ပရီးမီးယားလိဂ် စည်းကမ်းထိန်းသိမ်းရေး   ကော်မတီက လက်စတာတိုက်စစ်မှူး ဂျေမီဗာဒီကို တစ်ပွဲပယ်ပြစ်ဒဏ်ထပ်တိုးချမှတ်လိုက်သည်။

ထို့ကြောင့် ဗာဒီသည် လာမည့်တနင်္ဂနွေနေ့တွင် အိုးထရက်ဖို့ဒ်ကွင်း၌ မန်ယူကိုသွားရောက်ရင်ဆိုင်ရမည့်ပွဲကို လွဲချော်ရဦးမည် ဖြစ်သည်။

ဝက်စ်ဟမ်းနှင့်ပွဲစဉ်တွင် ဗာဒီသည် ဟန်ဆောင်လဲှချခဲ့သည့်အတွက် နှစ်ဝါ၊ တစ်နီဖြင့် ထုတ်ပယ်ခံရပြီးနောက် ကွင်းလယ်ဒိုင်လူကြီးဂျွန်မို့စ်ကို ဒေါသတကြီးအော်ဟစ်ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ဗာဒီသည် ထိုအပြုအမှုအတွက် တစ်ပွဲပယ်ပြစ်ဒဏ်ကျခံခဲ့ရပြီး ဆွမ်ဆီးနှင့်ပွဲကို လွဲချော်ခဲ့ရပြီး ဖြစ်သည်။ သို့သော် ထိုပြစ်ဒဏ်အပြင် ယခု ဗာဒီသည် နောက်ထပ်တစ်ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ငွေ ပေါင် တစ်သောင်း ဒဏ်ရိုက်ခံခဲ့ရသည်။

ဗာဒီပွဲပယ်ခံထားရသော်လည်း လက်စတာအသင်းမှာ ပွဲစဉ် ၃၅တွင် ဆွမ်ဆီးအသင်းကို ၄-၀ ဂိုးဖြင့် နိုင်ခဲ့ပြီး စပါးမှာ ဝက်စ်ဘရွန်းကို ၁-၁ သရေကျခဲ့သည့်အတွက် လက်စတာအသင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရန် အလွန်နီးစပ်သွားပြီ ဖြစ်သည်။

ဗာဒီသည် ယခုနှစ်ရာသီတွင် လက်စတာအသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၂၂ ဂိုးအထိသွင်းယူပေးထားသူ ဖြစ်သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly