ပုလဲမြို့နယ် အေးကုန်းကျေးရွာမှ နေအိမ် ၆၀ ခန့်ကို စစ်ကောင်စီတပ် မီးရှို့

By လွှမ်းမိုး (မဇ္ဈိမ)
12 November 2023
ပုလဲမြို့နယ် အေးကုန်းကျေးရွာမှ နေအိမ် ၆၀ ခန့်ကို စစ်ကောင်စီတပ် မီးရှို့

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နှင့် တမိုင်ခန့်အကွာရှိ အေးကုန်းကျေးရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ လ ၁၂ ရက် ယနေ့ နံနက် ၈ နာရီခန့်တွင် မီးရှို့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အိမ်ခြေ ၈၀ ခန့်ရှိသည့် အေးကုန်းကျေးရွာမှ နေအိမ် ၆၀ ခန့်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင် ရောက်ကာ မီးရှို့ဖျက်စီးသွားခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

“ရွာရဲ့ နေရာသုံးခုလောက်ကို မီးတင်ရှို့သွားတာဖြစ်ပါတယ်။ မီးအားကောင်းကောင်းနဲ့ လောင်သွားတာ အချိန်တနာရီကျော်မယ်ဗျ။ အခုတော့ ငြှိမ်းလို့ရသလောက် ငြှိမ်းနေတယ်။ မီးလောင်အိမ်ခြေကတော့ ၆၀ လောက်ရှိမယ် ဟု” လုံခြုံရေးအရ အမည်မဖော်လိုသော ဒေသခံတဦးက ပြောကြားသည်။

အေးကုန်းကျေးရွာမှ စစ်ရှောင်များအနေဖြင့် ရွာကိုမီးရှို့ခံရသည့်အတွက် အိမ်ပြန်ရန်အရေး စိတ်ပူနေရ ကြောင်း ဆိုသည်။

“မီးလောင်တဲ့အိမ်ခြေက တော်တော်များတယ်လို့ပဲ သိရသေးတယ်။ စစ်သားတွေရဲ့ မိုင်းတွေဘာတွေ ကြောက်တော့ ပြန်မရသေးဘူး။ ဘယ်သူ့အိမ်တွေပါသွားတယ်ဆိုတာမသိရတော့ ပြန်ရင် နေစရာအိမ်ရှိပါ့ မလားဆိုတဲ့အတွေးနဲ့ ရင်တမမနဲ့ စိတ်ပူနေရတယ်” ဟု စစ်ရှောင်အမျိုးသမီးတဦးက ဆိုသည်။

စစ်ကောင်စီစစ်ကြောင်းသည် ခန့်မှန်းအင်အား ၁၀၀ ခန့်ရှိပြီး ပျူစောထီးနှင့် စစ်ကောင်စီတပ်ပူးပေါင်း တပ်ဖွဲ့ဖြစ်ပြီး ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ဂျရတ်ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားရာတွင် သေဆုံးမှုများရှိခဲ့သည့်အတွက် အေးကုန်းကျေးရွာကို မီးရှို့ခြင်းဖြစ်ကြောင်း ဒေသခံတဦးက ဆိုသည်။

စစ်ကောင်စီစစ်ကြောင်းများကြောင့် ပုလဲမြို့နယ်ရှိ အေးကုန်း၊ ကြိုးကြာဥ၊ ကျေးနင်း၊ သဲတော၊ သဲကြီး၊ အောင်ပန်းစသောကျေးရွာများမှ ဒေသခံ ၁၀,၀၀၀ ကျော် နေရပ်စွန့်ခွာ စစ်ရှောင်နေရကြောင်း သိရသည်။

စာတည်း။  ။စောဖေ
#စစ်ကိုင်းတိုင်း
#ပုလဲမြို့နယ်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly