စစ်ကောင်စီ၏ ကျားဘီလူးစစ်ကြောင်း ဒရုန်းဖြင့် ဗုံးချတိုက်ခံရ

By ပါခွီး (မဇ္ဈိမ)
12 November 2023
စစ်ကောင်စီ၏ ကျားဘီလူးစစ်ကြောင်း ဒရုန်းဖြင့် ဗုံးချတိုက်ခံရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မုတ်စီကျေးရွာတွင် စစ်ကောင်စီ၏ ကျားဘီးလူးစစ်ကြောင်းကို ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းခရိုင်တပ်ရင်း(၂)မှ နိုဝင်ဘာလ ၁၁ ရက်နေ့က ထုတ်ပြန်ထား သည်။

အင်အား ၇၀ ဦးခန့်ဖြင့် မုတ်စီကျေးရွာအနီးတွင် တပ်ဖြန့်ထားသည့် စစ်ကောင်စီတပ်ကို နိုဝင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ဗုံးသီးလေးလုံးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သားရှစ်ဦးထိခိုက်ခဲ့ပြီး ရေဦးမြို့သို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

“ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သားတွေ သေမသေ အတည်မပြုနိုင်သေးပါဘူး။ သူတို့ကို ရေဦးသယ်သွား တယ်ဆိုတာကိုတော့ အတည်ပြုထားနိုင်ပါတယ်”ဟု စစ်ကိုင်းခရိုင်တပ်ရင်း(၂) တာဝန်ခံက မဇ္စျိမကိုပြော သည်။

အဆိုပါတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်တပ်ရင်း(၂) တပ်ခွဲ(၂)၊ Ghost Team Ranger Myinmu ( GTR MMU)၊ ရွှေဘိုခရိုင်အမှတ် (၁၄)တပ်ရင်းနှင့် ရေဦး LPDF တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကျားဘီလူးစစ်ကြောင်းသည် စစ်ကိုင်းတိုင်းအတွင်း၌ ပုလဲ၊ ယင်းမာပင်၊ ဒီပဲယင်း၊ ရေဦးစသည့်မြို့ နယ်အတွင်းမှ ကျေးရွာများကို ရွာစဥ်ပတ်စစ်ကြောင်းထိုးကာ အရပ်သားများကို ခေါင်းဖြတ်သတ်နေသည့် စစ်ကြောင်းဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံက ပြောသည်။

နိုဝင်ဘာလ ၆ ရက်နေ့ကလည်း ရေဦးမြို့ တိုင်းရင်းဆေးရုံ၊ ရွှေကျီးမင်းဂိတ်၊ ဂါဝီဂိတ်တို့၌ အထိုင်ချထား သောစစ်ကောင်စီတပ်ဖွဲ့ဝင်များကို စစ်ကိုင်းခရိုင်တပ်ရင်း(၂)တပ်ခွဲ(၂)၊ Ghost Team Ranger Myinmu (GTR MMU) ၊ ရွှေဘိုခရိုင်အမှတ် (၁၄)တပ်ရင်း ၊ Federal Wings တို့မှ ဒရုန်းဖြင့် ဗုံသီး ၂၄ လုံးချတိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားကိုးဦး သေဆုံးခဲ့ကြောင်း သိရသည်။

စာတည်း။  ။စောဖေ
#စစ်ကိုင်းတိုင်း
#ရေဦးမြို့
#ကျားဘီလူးစစ်ကြောင်း
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly