မြန်မာစံတော်ချိန် ယနေ့ (နိုဝင်ဘာ ၁၁ ရက်နေ့) ညနေ ၄း၄၀ တွင်ပျက်ကျသွားသော စစ်ကောင်စီတပ်ဂျက်လေယာဉ်မပျက်ကျမီ မဇ္ဈိမ၏ ရှေ့တန်းစစ်မြေပြင်ရောက်သတင်းထောက်က မှတ်တမ်းတင်ဗီဒီယိုရိုက်ကူးခဲ့သည်။
အရှေ့မြောက်ဘက်ကနေလာသည့် ဂျက်ဖိုက်တာတစီး ပုံမှန်ပျံသန်းမှုပြုနေခဲ့သည်ကို မှတ်တမ်းတင်ထားမိခြင်းဖြစ်သည်။
သို့သော်ကရင်နီရှေ့တန်းစစ်မျက်နှာတွင် စစ်လေယာဉ်များပျံသန်းမှုပြုသည်မှာ မဆန်းတော့သဖြင့် တိမ်တိုက်နှင့်လေယာဉ်ကွယ်သွားစဉ်တွင် ဗီဒီယိုမှတ်တမ်းတင်မှုကိုပိတ်လိုက်သည်။
ထိုစဉ်တွင် ပေါက်ကွဲသံကြားခဲ့ရပြီး မီးပန်းများမြင်ရကာ လေထီးများကို ဆက်တိုက်ဆိုသလိုတွေ့လိုက်ရသည်။
လေယာဉ်ပျက်ကျမှုဖြစ်သည်ဟု သတိထားလိုက်မိပြီးသည့်နောက် စစ်ကောင်စီတပ်လေသူရဲများကျနိုင်သောနေရာများကို သွားရှာကြရသည်။
လေသူရဲတဦးကျသည့်နေရာကိုတွေ့ပြီး ကျန်ရှိပစ္စည်းများမှတ်တမ်းတင်နိုင်ခဲ့သည်။
ခုန်ချသွားသောလေသူရဲကို စစ်ကောင်စီတပ်ရဟတ်ယာဉ်များနှင့်ကင်းထောက်ဒရုန်းများကလည်း လိုက်လံရှာဖွေလျက်ရှိသည်မှာ ယခုသတင်းပေးပို့ချိန် ညနေ ၆ နာရီ ၀၅ မိနစ်အထိပင်ဖြစ်သည်။
ကနဦးစုံစမ်းသိရှိရသည်မှာ ဘုရားဖြူရွာဘက်တိုက်ပွဲမှ ကရင်နီတော်လှန်ရေးတပ်များက ပစ်ချလိုက်သောကျည်သင့်၍ စစ်လေယာဉ်ပျက်ကျရခြင်းဖြစ်ပြီး တိုက်ခိုက်ရေးဂျက်လေယာဉ်ဖြစ်သည်ဟုဆိုသည်။ မဇ္ဈိမအနေဖြင့် အမျိုးအမည်ခွဲခြားနိုင်ခြင်း သီးခြားအတည်ပြုချက်ရယူနိုင်ခြင်းမရှိသေးပါ။