အမျိုးသမီး ၁၁ ဦးအပါအဝင် ထိုင်းရောက် မြန်မာ MoU အလုပ်သား ၁၇ ဦး လုပ်ခလစာမရဘဲ  ခိုင်းစေ ခံနေရ

By ကိုရွှေမြိတ်(မဇ္ဈိမ)
09 November 2023
အမျိုးသမီး ၁၁ ဦးအပါအဝင် ထိုင်းရောက် မြန်မာ MoU အလုပ်သား ၁၇ ဦး လုပ်ခလစာမရဘဲ  ခိုင်းစေ ခံနေရ

ထိုင်းနိုင်ငံ၊ လယောင်မြို့မှ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ ရောက်ရှိနေသည့် အမျိုးသမီး ၁၁ ဦးအပါအဝင် မြန်မာ MoU အလုပ်သမား ၁၇ ဦးသည် လုပ်ခလစာမရဘဲ ခိုင်းစေခံနေရကြောင်း သိရ သည်။

အမျိုးသားခြောက်ဦးနှင့် အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၁၇ ဦးသည် ပြည်တွင်းမှ HTET MARN SERVICE CO., LTD အလုပ်သမားရှာဖွေရေးအေဂျင်စီနှင့်ချိတ်ဆက်ပြီး နှစ်နှစ်စာချုပ်သက်တမ်းဖြင့် ထိုင်းနိုင်ငံ လယောင်မြို့၊ ဘန်ချန်းရပ်ကွက်ရှိ TPWJ - SERVICE CO,LTD ၏ ဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်ကိုင် ရန်ရောက်ရှိလာခြင်းဖြစ်ကြောင်း ယင်းအလုပ်သမားများက ပြောသည်။

“ကျွန်တော်တို့ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ဒီဖက်ကိုရောက်လာတော့ ပထုံဌာနီမှာ ရက် ၂၀ ကျော် အလုပ် မရှိဘဲ ကိုယ်စာရိတ်နဲ့ကိုယ် နေခဲ့ရတယ်။ အဲဒီနောက် အလုပ်ရှိတဲ့အခြားဆိုက်တခုကို ရောက်ပြန်တော့ လည်း အလုပ်ဆင်းရပေမယ့် သူဌေးက လုပ်ခလစာမရှင်းပေးတဲ့ ပြဿနာနဲ့ကြုံနေရတယ်”ဟု MoU အလုပ်သမားတဦးဖြစ်သူ ကိုဇင်မင်းထွန်းက ပြောသည်။

အဆိုပါအလုပ်သမားများသည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်နေ့က မြန်မာနိုင်ငံမှထွက်လာခြင်းဖြစ် ပြီး ထိုင်းနိုင်ငံသို့ ၂၀ ရက်နေ့တွင် ရောက်ခဲ့ကြောင်း အလုပ်သမားများက ပြောသည်။

“ထိုင်းကိုရောက်နေတာ နှစ်လနီးပါးရှိပြီ၊ ပထမလက အလုပ်မဆင်းရဘူး၊ အခု အလုပ်ရပြန်တော့လည်း သူဌေးကလုပ်အားခမရှင်းပေးတော့ ဘယ်သူမှ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဖြစ်နေလို့ နေထိုင်စားသောက် ဖို့အတွက် အခက်အခဲဖြစ်နေတယ်”ဟု အမျိုးသမီးအလုပ်သမားတဦးဖြစ်သူ မသန်းသန်းစိုးကပြောသည်။

လက်ရှိ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများတွင် MoU စနစ်ဖြင့်ရောက်ရှိနေသည့် မြန်မာ အလုပ်သမားများမှာ လုပ်ခလစားမရခြင်း၊ အလုပ်ကိုင်ရှာပါးခြင်းနှင့် အလုပ်သမားအခွင့်ရေး ချိုးဖောက် ခံရမှုများ မကြာခဏဖြစ်ပွားနေကြောင်း မြန်မာအလုပ်သမားအရေး ကူညီပေးနေသူများက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံသို့ အလုပ်လာလုပ်သည့် တရားဝင် မြန်မာအလုပ်သမား ၄၀၀,၀၀၀ ခန့် ရှိကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖော်ပြထားသည်။

ထိုင်းနိုင်ငံအတွင်း တရားဝင်အထောက်အထားရှိသူ၊ အထောက်အထားမရှိသူ မြန်မာအလုပ်သမား သန်း နှင့်ချီရှိနေကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသူများက ဆိုသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly