ဘင်္ဂလားဒေ့ရှ်တွင် လုပ်ခလစာတိုးမြှင့်ရရှိရေး အထည်ချုပ်လုပ်သားများ၏ ဆန္ဒပြပွဲအတွင်း အမျိုးသမီး ၁ ဦး ပစ်သတ်ခံရ

ဘင်္ဂလားဒေ့ရှ်တွင် လုပ်ခလစာတိုးမြှင့်ရရှိရေး အထည်ချုပ်လုပ်သားများ၏ ဆန္ဒပြပွဲအတွင်း အမျိုးသမီး ၁ ဦး ပစ်သတ်ခံရ
Photo - AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လုပ်ခလစာတိုးမြှင့်ရရှိရေး အထည်ချုပ်လုပ်သားများ၏ ပြင်းထန်သည့် ဆန္ဒပြမှုများအတွင်း နိုဝင်ဘာ ၈ ရက်က အမျိုးသမီးတဦး ပစ်ခတ်ခံရ၍ သေဆုံးခဲ့ရာ ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး သေဆုံးသူ၏ ခင်ပွန်းဖြစ်သူက ရဲတပ်ဖွဲ့အပေါ် ပြစ်တင်သည်။

ထိုမတိုင်မီက ဆန္ဒပြအထည်ချုပ်လုပ်သားများက အစိုးရ၏ လုပ်ခလစာ တိုးမြှင့်မှု ကမ်းလှမ်းချက်တရပ်ကို လက်မခံဘဲ ပယ်ချခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အထည်ချုပ်စက်ရုံပေါင်း ၃,၅၀၀ သည် နှစ်စဉ်ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၅၅ ဘီလီယံ၏ ၈၅ ရာခိုင်နှုန်းခန့်ကို ရှာဖွေပေးနေပြီး Levi’s ၊ Zara နှင့် H&M အပါအဝင် ကမ္ဘာ့ထိပ်တန်းဖက်ရှင်အမှတ်တံဆိပ်အများအပြားကို ဖြည့်ဆည်းပေးသွင်းနေခြင်း ဖြစ်သည်။

သို့သော် နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းတွင်းရှိ အလုပ်သမား လေးသန်းခန့်အနက် အများအပြားအတွက် အခြေအနေများသည် ဆိုးဝါးနေပြီး အလုပ်သမား အများစုသည် အမျိုးသမီးများ ဖြစ်ကြကာ ၎င်းတို့၏ လစဉ်လစာသည် တာကာ ၈,၃၀၀ (၇၅ ဒေါ်လာ) မှစတင်ပြီး ရရှိကြသည်။

အစိုးရ ခန့်အပ်တာဝန်ပေးသော အဖွဲ့တခုက လုပ်ခလစာကို ၅၆ ဒသမ ၂၅ ရာခိုင်နှုန်း တိုးပေးပြီး တာကာ ၁၂,၅၀၀ အဖြစ် နိုဝင်ဘာ ၇ ရက်က ကမ်းလှမ်းခဲ့သော်လည်း ဆန္ဒပြအလုပ်သမားများက လုပ်ခလစာကို တာကာ ၂၃,၀၀၀ အထိ တိုးမြှင့်ရရှိရေး တောင်းဆိုလျက် ရှိသည်။

“ရဲတွေက ပစ်ခတ်နှိမ်နင်းတယ်။ သူ့ ခေါင်းမှာ ထိသွားတယ်။ ဆေးရုံကို ကားနဲ့ ပို့ပေမယ့် လမ်းမှာပဲ ဆုံးသွားတယ်” ဟု ကလေးနှစ်ဦး၏ မိခင်ဖြစ်သည့် သေဆုံးသူ အသက် ၂၃ နှစ်အရွယ် စက်ချုပ်ဝန်ထမ်း အန်ဂျူရာ ခါတွန်၏ ခင်ပွန်း မိုဟာမက် ဂျမယ်လ်က ပြောသည်။

ဒါကာမြို့အပြင်ဘက် ဂက်ဇီပူရ် စက်မှုမြို့၌ လုပ်ခလစာ တိုးမြှင့်ရရှိရေး တောင်းဆိုသည့် အလုပ်သမား ၄၀၀ ခန့်ကို ရဲများက ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဂျမယ်လ်က အေအက်ဖ်ပီကို ပြောသည်။ “ခြောက်ယောက်၊ ခုနစ်ယောက်လောက် ပစ်ခတ်ခံရလို့ ဒဏ်ရာတွေ ရခဲ့တယ်” ဟု ၎င်းက ပြောသည်။

အလောင်းကို ပို့ဆောင်ခဲ့ရာ ဒါကာ ဆေးဘက်ဆိုင်ရာ ကောလိပ် ဆေးရုံမှ ရဲအရာရှိ ဘက်ချူ မီရာက သေဆုံးမှုဖြစ်စဉ်ကို အတည်ပြုသော်လည်း အသေးစိတ်ကို ပြောဆိုခြင်း မရှိပေ။

လုပ်ခလစာ ဆုံးဖြတ်ချက်အပေါ် ပယ်ချလျက် လူ ၄,၀၀၀ ခန့်က ဆန္ဒပြမှုများ လုပ်ဆောင်ပြီးနောက်တွင် ရာနှင့်ချီသော စက်ရုံများရှိရာ ဂတ်ဇီပူရ်၌ နိုဝင်ဘာ ၈ ရက်က အကြမ်းဖက်မှုများ ထပ်မံပေါ်ပေါက်ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly