Operation 1027 က တရုတ်လုပ် ဒရုန်းများကို အဓိကထားအသုံးပြုခဲ့သည်ဟု မင်းအောင်လှိုင်က ကာလုံတွင်ပြောကြား

By မဇ္ဈိမ
08 November 2023
Operation 1027 က တရုတ်လုပ် ဒရုန်းများကို အဓိကထားအသုံးပြုခဲ့သည်ဟု မင်းအောင်လှိုင်က ကာလုံတွင်ပြောကြား

မြောက်ပိုင်းမဟာမိတ်ညီနောင်များ၏ Operation 1027 တိုက်ခိုက်မှုတွင် တရုတ်နိုင်ငံလုပ် ဒရုန်းများကို အဓိကထားအသုံးပြုသွားကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့(နိုဝင်ဘာ ၈ ရက်) နံနက်က ပြုလုပ်သော နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အစည်းအဝေးတွင် ပြောသွားသည်။

"MNDAA အဖွဲ့အနေဖြင့် Drone များကို အဓိကထားအသုံးပြု၍တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ Drone များမှာ တရုတ်နိုင်ငံထုတ် ကုန်ထုတ်လုပ်ငန်းသုံး Drone များဖြစ်ပြီး စျေးကွက်တွင် လွယ်ကူစွာ ဝယ်ယူ၍ရနေကြောင်း" သူက ပြောသွားသည်။

ဒရုန်းများသုံးကာ Drop Bomb အများအပြားဖြင့် တိုက်ခိုက်ခဲ့ကြောင်းနှင့် မဟာမိတ်အဖွဲ့တွင် MNDAA (ကိုးကန့်)၊ AA (ရက္ခိုင်)၊ TNLA (တအာင်း)၊ KIA (ကချင်) နှင့် PDF တို့ပါဝင်သော်လည်း အဓိကအားဖြင့် MNDAA နှင့် TNLA တို့ဖြစ်သည်ဟုလည်းဆိုသည်။

MNDAA အနေဖြင့် မူးယစ်ဆေးဝါးထုတ်လုပ်ရန် အာဏာတည်ဆောက်လို၍ တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲပြောလိုက်ပြီး ယခုကဲ့သို့တိုက်ခိုက်ရန် ၂၀၂၂ ခုနှစ်ကတည်းက စပြီး ကြိုတင်ပြင်ဆင်ခဲ့သည်ဟုဆိုသည်။ တိုက်ခိုက်မှုပြုမည်ဆိုခြင်းကို MNDAA ၏မဟာမိတ်များနှင့် ၎င်းတို့မိတ်ဆွေများအားလုံး သိကြသည်ဟုလည်းပါရှိသည်။ မိတ်ဆွေများကိုအမည်မဖော်ထုတ်သော်လည်း မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖော်မှာ တရုတ်နိုင်ငံနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည်ကို လူသိများသည်။

ထို့အပြင် MNDAA အနေဖြင့် ထိုးစစ်အတွက် "၀" နယ်မြေအတွင်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့သည်ဟုဆိုသည်။ " အောက်တိုဘာ ၂၇ ရက်နေ့မှာ နမ့်တစ်တံတားကနေ ချင်းရွှေဟော်ကိုဖြတ်ဝင်၍ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါမနက်ပိုင်းမှာ နမ့်တစ်ချောင်းအားဖြတ်၍ ချင်းရွှေဟော်အား အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း" ထုတ်ပြန်ချက်တွင်ပါရှိသည်။ နမ့်တစ်မြို့နယ်ခွဲသည် ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၏ မြို့နယ်ခွဲဖြစ်သည်။

ချင်းရွှေဟော်ရှိ စစ်စခန်းများမှာ စစ်ဆင်ရေးစခန်းမဟုတ်ဘဲ လုံခြုံရေးစခန်းများသာဖြစ်သည်ဟုဆိုသည်။

မူဆယ်နှင့် ချင်းရွှေဟော်သည် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် အဓိကကျသည့် လမ်းကြောင်းများဖြစ်ကာ နိုဝင်ဘာ ၁၁ ရက်နေ့တွင် တရုတ်အကူညီနှင့်ဆောက်လုပ်ခဲ့သောကွမ်းလုံတံတားကိုဖွင့်လှစ်ရန်ရှိချိန်တွင် အချိန်ကိုက်တိုက်ခိုက်မှုဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော ကျည်ဆံများ တရုတ်နိုင်ငံထဲကျ၍ ဖြေရှင်းနေရသည်ဟုလည်း ပါရှိသည်။

၂၀၁၇ နောက်ပိုင်း လောက်ကိုင်ဒေသတွင် မူးယစ်ဆေးဝါးထုပ်လုပ်မှုနှင့် လောင်းကစားဝိုင်းများများပြားလာပြီး နောက်ပိုင်းတွင် အွန်လိုင်းငွေကြေးလိမ်လည်မှုများ တရုတ်နိုင်ငံသားများက လုပ်ခဲ့သည်ဟု ပြောသွားသော်လည်း တရုတ်နိုင်ငံသားအစား တဖက်နိုင်ငံသားများဟုသာ သုံးနှုံးသွားခဲ့သည်။

"ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုနဲ့ ဆူပူမှုတွေကိုဖြေရှင်းနေရလို့ လောက်ကိုင်ဒေသကို အာရုံစိုက်မှုနည်းပါးခဲ့သည်" ဟုလည်း ဝန်ခံပြောကြားသွားသည်။

လောက်ကိုင်ဒေသရှိ ဟိုတယ် ၁၂ လုံးသာလျှင်မြန်မာနိုင်ငံရင်းနှိီးမြုပ်နှံမှုကော်မရှင် (MIC) ခွင့်ပြုချက်နှင့် ဆောက်လုပ်ခဲ့ပြီး၁၄၁ လုံးကို လောက်ကိုင်ဒေသအုပ်ချုပ်ရေးအဖွဲ့က တရားမဝင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟုလည်း သူက ပြောသည်။ ဟိုတယ်များအား စိစစ်ဖော်ထုတ်ပြီး အရေးယူရာတွင် တရုတ်နိုင်ငံသား ၇၃၉၅ ဦးနှင့် ဗီယက်နမ်နိုင်ငံသား ၁၈၉ ဦး၊ ထိုင်းနိုင်ငံသား ၁၆၂ ဦး၊ မလေးရှားနိုင်ငံသား ၃၂ ဦးနှင့် လာအိုနိုင်ငံသား နှစ်ဦးတို့ကို ဖမ်းဆီးရမိကာ တရုတ်နိုင်ငံသား ၇၀၀၀ နီးပါး ပြန်လည်လွှဲပြောင်းပေးခဲ့သည်ဟုဆိုသည်။

MNDAA ကတိုက်သည့်တချိန်တည်းမှာKIA က ကချင်ပြည်နယ်ထဲက စခန်းငယ်တခုကို အင်အားအလုံးအရင်းနှင့်တိုက်ခိုက်ခဲ့ကြောင်းနှင့် ယခုအခါ ပြန်ထိန်းချုပ်နိုင်ပြီဟု ဆိုသည်။

ကာလုံအဖွဲ့ဦးဆောင်သူ ယာယီသမ္မတ ဦးမြင့်ဆွေက " တိုင်းပြည်အစိတ်စိတ်အမွှာမွှာကွဲသွားနိုင်တယ်လို့ဆိုလိုက်ပြီး သေသေချာချာစနစ်တကျကိုင်တွယ်သွားဖို့လိုတယ်" ဟု ပြောကြားသွားခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

သို့သော်ကာလုံအစည်းအဝေးတွင်ရဲတပ်ဖွဲ့ကို အဆင့်မြှင့်တင်သွားမည်ဟူသော ဆုံးဖြတ်ချက်သာပါသည်ကို တွေ့ရသည်။

မြောက်ပိုင်းညီနောင်များ၏ ၁၂ ရက်တာ ထိုးစစ်ကာလအတွင်း ရှမ်းပြည်မြောက်ပိုင်းတွင် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ် (ပန်ဆိုင်း)မြို့များ သိမ်းပိုက်ခံထားရသည်ဟု စစ်ကောင်စီက ဝန်ခံပြောကြားထားသည်။ ညီနောင်အဖွဲ့ကထုတ်ပြန်ချက်တွင် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ မုံးကိုးမြို့နှင့် နမ့်ခမ်းမြို့များပါ သိမ်းပိုက်ထားနိုင်ပြီး မြိို့သုံးမြို့ကို နေရာစုံနီးပါးထိန်းချုပ်နိုင်သည်ဟု ပါရှိသည်။ စစ်ကောင်စီ စစ်စခန်းကြီးငယ် ၁၅၀ ကျော်သိမ်းပိုက်ထားနိုင်ကာ တင့်ကား၊ သံချပ်ကာကား၊ ဟောင်ဝစ်ဇာအမြောက်နှင့် လေယာဉ်များကိုပါ သိမ်းဆည်းရမိသည်ဟု ညီနောင်အဖွဲ့၏ထုတ်ပြန်အရ သိရသည်။

#operation1027

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly