စစ်ကောင်စီတပ်​ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၄ ဦး သေဆုံး အမျိုးသမီးအပါအဝင် ၆ ဦး ဒဏ်ရာရ

By YT(မဇ္ဈိမ)
08 November 2023
စစ်ကောင်စီတပ်​ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၄ ဦး သေဆုံး အမျိုးသမီးအပါအဝင် ၆ ဦး ဒဏ်ရာရ
ပုံအညွှန်း - စစ်ကောင်စီ​၏ လက်နက်ကြီးကြောင့် ဒဏ်ရာရ အရပ်သားတဦး (ဓါတ်ပုံ- Crd)

ပဲခူးတိုင်း၊ ဝေါမြို့နယ်တွင် စစ်ကောင်စီ တပ်စခန်းများ​၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား လေးဦး သေဆုံး၍ ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သတင်းရရှိသည်။

ယမန်နေ့ နိုဝင်ဘာလ ၇ ရက်နေ့၊ နေ့လယ် ၂ နာရီ ၃၀ မိနစ်အချိန်တွင် သိမ်ဇရပ်အခြေစိုက် အမြောက်တပ် အမတ(၃၁၀)နှင့် ဝေါမြို့နယ်၊ ဆပ်သွားခြုံဘူတာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ​၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ကျည်ထိမှန်ကာ ဝေါမြို့နယ်၊ တနော်ကျွန်းကျေးရွာ၊ သဲကွင်းလှေဆိပ်အနီးတွင် ရှိနေသည့် ဒေသခံလေးဦး သေဆုံး၍ ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

" သိမ်ဇရပ်တဖက်ကမ်းက လှေဆိပ်နားကို ကျတာ ဝေါမြို့နယ်အပိုင်၊ ပစ်တာတော့ အားလုံးပေါင်း သုံးလုံး၊ ရေထဲကျသွားလို့ လူမထိတာလည်း ရှိတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူ အများစုက ကယ်ရီသမားတွေဗျ၊ အမျိုးသမီးတဦးလည်း ပါတယ်၊ သိမ်ဇရပ်ဘက်ကနေ ပြန်လာတဲ့သူ။ အားလုံး သာမန်လူတွေချည်းပဲ" ဟု ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

လက်နက်ကြီးထိမှန်၍  ဝေါမြို့နယ်၊ တနော်ကျွန်းကျေးရွာ၊ သဲကွင်းလှေဆိပ်၊ စစ်တောင်းမြစ်ကမ်းဘေးတွင် ရှိနေသည့် ဦးကျော်မြင့် (အသက် ၆၇ နှစ်)၊ ကိုအောင်ဆန်းဦး (အသက် ၃၅ နှစ်)၊ ကိုအောင်ကို (အသက် ၃၀ နှစ်)၊ ကိုကျော်လင်းထွန်း (အသက် ၃၃ နှစ်)တို့ သေဆုံးခဲ့ပြီး အမျိုးသမီးတဦးအပါအဝင် အရပ်သားခြောက်ဦး ဒဏ်ရာရခဲ့ကာ လက်ရှိတွင် ပဲခူးမြို့နယ်ဆေးရုံ၌ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

" အဓိကက သူတို့ခံရလို့ ပြည်သူကို ပြန်လုပ်တာပေါ့ဗျာ ဒါပါပဲ" ဟု စစ်ရေးသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

အဆိုပါ ဖြစ်ရပ် မဖြစ်ပွားမီ နိုဝင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းတွင် တပ်မဟာ (၁) KNLA ပူးပေါင်းတပ်ဖွဲ့အနေဖြင့် ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ ခလွန်စုသင်္ချိုင်းကုန်းအနီး၊ ရန်ကုန်- မော်လမြိုင် လမ်းမကြီးပေါ်တွင် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ကင်းပုန်းအား မြေပြင်နှင့် ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့ပြီး  အခမ်းအနားကျင်းပနေသည့် သိမ်ဇရပ်ထွေအုပ်ရုံးအား ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်ခြင်းရှိကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

အဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက်တွင် ထိခိုက်ပျက်စီးမှုများအား အသေးစိတ် စုံစမ်းနေဆဲဖြစ်ကြောင်း အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ ရက်နေ့ကလည်း တပ်မ (၄၄) လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ (၂) ​၏ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုများကြောင့် ကျိုက်ထိုမြို့နယ်၊ ငှက်ပျောတောကျေးရွာမှ အသက် ၄၁ နှစ်အရွယ် ဦးထွန်းဝင်း၊ အသက် ၃၁ နှစ်အရွယ် ဒေါ်မိဝင်း၊ အသက် ၄၀ အရွယ် ဒေါ်ကတုံးမတို့ လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့ကြောင်း KNU ​၏ အောက်တိုဘာလ ၂၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly