ဂျပန်နှင့် အပြန်အလှန် စစ်တပ် ဖြန့်ကြက်မှုအတွက် ဖိလစ်ပိုင် မျှော်လင့် 

By CNA 
07 November 2023
ဂျပန်နှင့် အပြန်အလှန် စစ်တပ် ဖြန့်ကြက်မှုအတွက် ဖိလစ်ပိုင် မျှော်လင့် 

ဂျပန်နိုင်ငံနှင့် တနိုင်ငံ၏ နယ်မြေပိုင်နက်တွင် တနိုင်ငံက စစ်တပ်တပ်ဖွဲ့ဝင်များ ဖြန့်ကြက်ခြင်းကို ခွင့်ပြုမည့် သဘောတူညီချက်တရပ် “သိပ်မကြာမီ” ရရှိမည်ဟု ဖိလစ်ပိုင်က မျှော်လင့်ထားကြောင်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးက နိုဝင်ဘာ ၆ ရက်တွင် ပြောသည်။ 

ဒေသတွင်း တင်းမာမှုများ ကြီးထွားနေစဉ် အမေရိကန်၏ နီးစပ်သော မဟာမိတ်နှစ်နိုင်ငံအနေဖြင့် အပြန်အလှန် တပ်ဖွဲ့ဝင်များ ထားရှိမည့် သဘောတူညီချက် RAA အတွက် စေ့စပ်ဆွေးနွေးသွားရန် သဘောတူထားကြခြင်း ဖြစ်သည်။ 

“စည်းမျဉ်းအခြေပြု နိုင်ငံတကာ အမိန့်နဲ့ နိုင်ငံတကာ ဥပဒေတွေကို ကာကွယ်ရန် ကျွန်တော်တို့ နှစ်နိုင်ငံကြား အပြန်အလှန် တပ်ဖွဲ့ဝင် လက်ခံမှု သဘောတူညီချက် ရရှိမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်”ဟု ကာကွယ်ရေးဝန်ကြီး ဂျီဘာတို သီယိုဒိုရိုက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ 

သဘောတူညီချက် ရရှိလျှင် အတည်ပြုရန်အတွက် ဖိလစ်ပိုင်လွှတ်တော်နှင့် ဂျပန်လွှတ်တော်များသို့ တင်သွင်းရမည်ဖြစ်ကြောင်း သီယိုဒိုရိုက ဆိုသည်။ 

ဂျပန်၊ ဖိလစ်ပိုင်နှင့် အမေရိကန်တို့သည် တောင်တရုတ်ပင်လယ်က “လွတ်လပ်ခွင့်ကို ကာကွယ်ရန်” ပူးပေါင်းဆောင်ရွက်နေကြောင်း သီတင်းပတ်ကုန်က ဖိလစ်ပိုင်သို့ ရောက်ရှိသည့် ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ပြောသည်။ 

ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး သဘောတူညီချက် (EDCA) အရ ထားရှိထားသော အမေရိကန်စစ်စခန်း ကိုးခုမှ မြို့တော်မြောက်ပိုင်းရှိ စစ်စခန်းတခုက အခမ်းအနားတရပ်၏ ပြင်ပန်းတွင် သီယိုဒိုရိုက ပြောဆိုခြင်း ဖြစ်သည်။ 

စစ်စခန်းများမှ အခြေခံအဆောက်အအုံများ တိုးတက်ကောင်းမွန်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို သုံးစွဲသွားမည်ဟု အမေရိကန်က ပြောထားသည်။ 

“အနောက်ဖိလစ်ပိုင်ပင်လယ်ကို တရားဝင်ရပိုင်ခွင့်အပါအဝင် ဖိလစ်ပိုင်အစိုးရရဲ့ ကာကွယ်ရေးဆိုင်ရာမှာ အမေရိကန်က ကူညီပေးနေတယ်”ဟု ဖိလစ်ပိုင်နှင့် တရုတ်အကြား ပိုင်နက်အငြင်းပွားနေရာကို ရည်ညွှန်းပြီး သီယိုဒိုရိုက ဆိုသည်။ 

ဖိလစ်ပိုင်အနေဖြင့် “ပဋိပက္ခကို ရှာနေခြင်း မဟုတ်”ဟုလည်း ၎င်းက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly