ဟားမတ်စ်တို့၏ ဓားစာခံ ဖမ်းဆီးခံရသည့် ထိုင်းနိုင်ငံသားများ ပြန်လွတ်ရေး အီရန်စေ့စပ်ညှိနှိုင်းသူများနှင့် ဆွေးနွေး

By The Jerusalem Post 
07 November 2023
ဟားမတ်စ်တို့၏ ဓားစာခံ ဖမ်းဆီးခံရသည့် ထိုင်းနိုင်ငံသားများ ပြန်လွတ်ရေး အီရန်စေ့စပ်ညှိနှိုင်းသူများနှင့် ဆွေးနွေး

အစ္စရေးတောင်ပိုင်း၌ အောက်တိုဘာ ၇ ရက်က တိုက်ခိုက်မှုများ၌ ဟားမတ်စ်တို့ ဖမ်းဆီးသွားသော ထိုင်းနိုင်ငံသားများ ပြန်လွတ်ရေးအတွက် ထိုင်းအစိုးရသည် အီရန်စေ့စပ်ညှိနှိုင်းသူများမှတဆင့် ဆွေးနွေးလုပ်ကိုင်လျက် ရှိကြောင်း အစ္စရေး Ynet မီဒီယာက နိုဝင်ဘာ ၇ ရက်တွင် ဖော်ပြသည်။ 

ဂါဇာတွင် အတည်ပြုထားသည့် ဓားစာခံ ၂၄၀ တွင် ထိုင်းနိုင်ငံသားက ၂၃ ဦး ရှိပြီး ၎င်းတို့ ပြန်လွတ်ရေးအတွက် တီဟီရန်ရှိ အီရန်တာဝန်ရှိသူများက ထိုင်းကိုယ်စားလှယ်များက တွေ့ဆုံဆွေးနွေးလျက် ရှိသည်။ 

ထိုင်းနိုင်ငံသားများသည် အစ္စရေး၌ ဂါဇာဝန်းကျင်ရှိ စိုက်ပျိုးရေးကဏ္ဍနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် အများစု လုပ်ကိုင်ကြသည်။ 

ဟားမတ်စ်တို့၏ ဖမ်းဆီးခံရသော အလုပ်သမားများကို ထိုင်းဝန်ကြီးချုပ် ဆာရတ်သာ သာဗီဆင်းက အတည်ပြုပြီး ထိုအလုပ်သမားများ၏ အခြေအနေမှာ ကောင်းမွန်ကြောင်းနှင့် ၎င်းတို့ မကြာခင် ပြန်လွှတ်နိုင်ကြောင်း ယမန်နေ့က ပြောဆိုသည်။ 

ထိုင်းစစ်တပ်က ဖမ်းဆီးခံရသူများ၏ ဓာတ်ပုံများ ရရှိထားပြီး ကောင်းကောင်းမွန်မွန် အခြေအနေ ရှိပုံရသည်ဟု ဝန်ကြီးချုပ်က ဆိုသည်။ 

မွတ်စလင်နိုင်ငံ အိမ်နီးချင်း မလေးရှားကလည်း စေ့စပ်ညှိနှိုင်းမှုများတွင် ပါဝင်နေပြီး ကယ်ထုတ်နိုင်ရေးအတွက် ဟားမတ်စ်တို့က အပစ်ရပ်မှုကို စောင့်ဆိုင်းနေကြောင်း သတင်းများက ဖော်ပြသည်။ 

ဓားစာခံများကို ကောင်းကောင်းမွန်မွန် ဆက်ဆံထားရှိကြောင်း ထိုင်းလွှတ်တော် ဒုတိယဥက္ကဋ္ဌကလည်း ကြေညာသည်။ 

တိုက်ခိုက်မှုများ ဖြစ်ချိန်၌ ထိုင်းနိုင်ငံသား ၃၂ ဦး သေဆုံးကြောင်း အတည်ပြုထားသည်။ 

ဟားမတ်စ်တို့က ထိုင်းနိုင်ငံသားများကို ရာဖာနယ်စပ်မှ အီဂျစ်သို့ ပို့ဆောင်ပြီး အီရန်မှတဆင့် ထိုင်းနိုင်ငံသို့ ပို့ဆောင်ရန် ရည်ရွယ်ထားကြောင်း Ynet သတင်းက ဖော်ပြသည်။ 

ဝန်ကြီးချုပ် သာဗီဆင်းကလည်း ဓားစာခံများအရေးနှင့် ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် ဆက်သွယ်ပြောဆိုထားသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly