ဖိလစ်ပိုင်တွင် ရေဒီယိုဂျာနယ်လစ် ၁ ဦး အသတ်ခံရ

ဖိလစ်ပိုင်တွင် ရေဒီယိုဂျာနယ်လစ် ၁ ဦး အသတ်ခံရ
Photo - AFP

ဖိလစ်ပိုင်တွင် ရေဒီယို အစီအစဉ် တင်ဆက်ဆွေးနွေးသူတဦး နိုဝင်ဘာ ၅ ရက်က သူ၏ စတူဒီယိုထဲတွင် သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ထိုဖြစ်စဉ်သည် နိုင်ငံတွင် အသတ်ခံရသည့် ဂျာနယ်လစ်များ စာရင်းတွင် နောက်ထပ် ပါဝင်လာသည့် ဖြစ်စဉ်တစ်ခုဖြစ်သည်။

အသက် ၅၇ နှစ်ရှိ ရေဒီယိုဂျာနယ်လစ် ဟွမ် ဂျမယ်လွန်သည် မင်ဒါနာအိုကျွန်းပေါ်ရှိ ၎င်း၏ နေအိမ် အခြေစိုက် ရေဒီယိုစတေရှင်တွင် ရှိနေခဲ့စဉ် သေနတ်သမားတဦးက ၎င်း၏ ဦးခေါင်းကို သေနတ်ဖြင့် ပစ်သွားခြင်း ဖြစ်ကြောင်း Misamis Occidental ပြည်နယ် ကယ်လမ်ဘာ အရပ်ရှိ ရဲတပ်ဖွဲ့အကြီးအကဲ ဒီယိုရီ ရာဂိုနီယိုက ပြောသည်။

သံသယရှိသူသည် ထုတ်လွှင့်မှု သတင်းကြေညာချက်တခု ပြုလုပ်လိုသည်ဟု ဟန်ဆောင်လျက် စတူဒီယိုထဲ ဝင်ရောက်သွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တရပ်အရ သိရသည်။

၎င်းသည် ထွက်ပြေးလွတ်မြောက်သွားပြီး ဂျမယ်လွန်သည် ပြည်တွင်း ဆေးရုံတခုအရောက်တွင် သေဆုံးကြောင်း အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဂျမယ်လွန်သည် သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ ၂၀၂၂ ခုနှစ် ဇွန်လတွင် စတင်တာဝန်ယူပြီးနောက်ပိုင်း နိုင်ငံတွင် အသတ်ခံရသည့် လေးဦးမြောက် ဂျာနယ်လစ် ဖြစ်ကြောင်း ဂျာနယ်လစ်များ သမဂ္ဂက ပြောပြီး ယခု “သတ်ဖြတ်မှု” ဖြစ်စဉ်ကို ပြစ်တင်ရှုတ်ချသည်။

ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာပေါ်တွင် ဂျာနယ်လစ်များအတွက် အန္တရာယ်အရှိဆုံး နေရာများအနက် တခုဖြစ်ပြီး ယေဘုယျအားဖြင့် သတ်ဖြတ်မှုကျူးလွန်သူများသည် အရေးယူမခံရဘဲ လွတ်မြောက်မှုများ ရှိနေခဲ့သည်။

မြို့တော် ပြင်ပမှ ရေဒီယို ဟောပြောဆွေးနွေးသူများမှာ မကြာခဏဆိုသလို ပစ်မှတ်ထားခြင်းခံရသည်။

ယခု တိုက်ခိုက်မှုဖြစ်စဉ်အပေါ် ဖိလစ်ပိုင်သမ္မတ၏ မီဒီယာလုံခြုံရေးဆိုင်ရာ အထူးအဖွဲ့အကြီးအကဲက ပြစ်တင်ရှုတ်ချပြီး ဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးရန် အထူးရဲတပ်ဖွဲ့အဖွဲ့တခု ဖွဲ့စည်းရေး တောင်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly