ကမ္ဘာတဝန်း လူ ၄ ဒသမ ၄ သန်းထက်မနည်း နိုင်ငံမဲ့များဖြစ်နေဟု ကုလ ပြော

ကမ္ဘာတဝန်း လူ ၄ ဒသမ ၄ သန်းထက်မနည်း နိုင်ငံမဲ့များဖြစ်နေဟု ကုလ ပြော
Photo - AFP

ကမ္ဘာတဝန်း လူပေါင်း ၄ ဒသမ ၄ သန်းသည် နိုင်ငံမဲ့ပုဂ္ဂိုလ်များ ဖြစ်နေသည်ဟု သိထားရကြောင်း ကုလသမဂ္ဂက နိုဝင်ဘာ ၄ ရက်တွင် ပြောသည်။ သို့သော် နိုင်ငံမဲ့များနှင့်ပတ်သက်ပြီး အတော်အတန် မသိရ၊ မမြင်ရနိုင်သည့် အခြေအနေကြောင့် အမှန်တကယ် ကိန်းဂဏန်းက သိသာထင်ရှားစွာ ပိုမို မြင့်မားလိမ့်မည်ဟုလည်း ပြောသည်။

နိုင်ငံမဲ့ဖြစ်မှုက နိုင်ငံသားဖြစ်ခွင့်မရဘဲ ဖြစ်နေသူများအပေါ် “အကြီးအကျယ် ထိခိုက်စေသော သက်ရောက်မှု” တခု ရှိစေကြောင်း ကုလ ဒုက္ခသည် အေဂျင်စီ UNHCR က ပြောပြီး ယင်းကဲ့သို့သော ဖယ်ထုတ်ခံရမှုကို ကိုင်တွယ်ဖြေရှင်းရန် ယခုထက် ပိုမို လုပ်ဆောင်ကြရေး တောင်းဆိုသည်။

နိုင်ငံတခုခု၏ နိုင်ငံသားများအဖြစ် အသိအမှတ်ပြုခြင်း မခံရသည့် နိုင်ငံမဲ့လူသားများသည် ယေဘုယျအားဖြင့် အခြေခံ ဝန်ဆောင်မှုများ လက်လှမ်းမီမှုနှင့် လူ့အခွင့်အရေးတို့ ခံစားခွင့်မရဘဲ ပိတ်ပင်ခံရသလို မကြာခဏဆိုသလို နိုင်ငံရေးနှင့် စီးပွားရေးအရ ဘေးဖယ်ပထုတ်ခံကြရကာ ခွဲခြားဆက်ဆံမှု၊ ခေါင်းပုံဖြတ်အမြတ်ထုတ်မှုနှင့် မတရားဖိနှိပ်မှုတို့ဒဏ်ကိုလည်း ခုခံနိုင်စွမ်းအားနည်းကြောင်း UNHCR က ပြောသည်။

“နိုင်ငံ ၉၅ နိုင်ငံမှာ လူပေါင်း ၄ ဒသမ ၄ သန်းထက်မနည်းဟာ နိုင်ငံမဲ့တွေ ဖြစ်နေတယ်လို့ သိထားရတယ်” ဟု ကုလ အေဂျင်စီက ထုတ်ပြန်ချက်တရပ်တွင် ပြောသည်။

“နိုင်ငံဆိုင်ရာ ကိန်းဂဏန်း စာရင်းဇယား ကောက်ခံမှုတွေမှာ နိုင်ငံမဲ့ပုဂ္ဂိုလ်တွေနဲ့ပတ်သက်လို့ အတော်အတန် မသိရမမြင်ရတဲ့အခြေအနေကြောင့် ကမ္ဘာတဝန်း ကိန်းဂဏန်းဟာ ဒီထက် သိသိသာသာ ပိုများလိမ့်မယ်လို့ များစွာ လက်ခံထားကြတယ်”

ကမ္ဘာပေါ်ရှိ နိုင်ငံမဲ့ ပုဂ္ဂိုလ်များ၏ အချိုးအစား မမျှတသော အရေအတွက်သည် လူနည်းစု အစုအဖွဲ့များ၏ အဖွဲ့ဝင်များဖြစ်ကြပြီး နိုင်ငံမဲ့ဖြစ်မှုက ၎င်းတို့ ကြုံတွေ့နေရပြီးဖြစ်သော ခွဲခြားဆက်ဆံခံရမှုနှင့် ဘေးဖယ်ပထုတ်ခံရမှုတို့ကို ဆက်လက် တည်တံ့၊ ပိုမိုဆိုးဝါးစေလေ့ ရှိကြောင်း UNHCR က ပြောသည်။

“နိုင်ငံမဲ့ဖြစ်မှုမှာ အကြောင်းရင်း အများအပြား ရှိတယ်ဆိုပေမယ့် ဖြစ်စဉ်အများအပြားမှာတော့ ဒါကို ရိုးရှင်းတဲ့ ဥပဒေပြုမှုနဲ့ မူဝါဒပြောင်းလဲမှုတွေနဲ့အတူ ဖြေရှင်းလို့ ရနိုင်ပါတယ်။ ဘယ်သူတဦးတယောက်မှ နောက်မှာ ကျန်မနေစေအောင်လို့ ချက်ချင်းလက်ငင်း အရေးတယူလုပ်ဆောင်ချက်တွေလုပ်ဖို့ ကမ္ဘာ့နိုင်ငံတွေကို မိမိ ပန်ကြားလိုပါတယ်” ဟု ကုလ ဒုက္ခသည် အေဂျင်စီ အကြီးအကဲ ဖိလစ်ပို ဂရန်ဒီက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly