Type 1 ဆီးချိုရောဂါ ၏ နောက်ဆုံးကျန်ရှိနေသည့် ပဟေဠိကို သိပ္ပံပညာရှင်များ ဖြေရှင်းနိုင်ပြီ

Type 1 ဆီးချိုရောဂါ ၏ နောက်ဆုံးကျန်ရှိနေသည့် ပဟေဠိကို သိပ္ပံပညာရှင်များ ဖြေရှင်းနိုင်ပြီ

လန်ဒန်၊ ဧပြီ၊ ၂၄ ။            ။ Type 1 ဆီးချိုရောဂါကြောင့် ကိုယ်ခံအားစနစ်ဖောက်ပြန်ပြီး ခန္ဓာကိုယ်အတွင်းထိခိုက်စေသည့် အဓိကနေရာ ၅ နေရာကို သိပ္ပံပညာရှင်များက   ဖော်ထုတ်လိုက်နိုင်ပြီဖြစ်သည်။

Diabetes ဂျာနယ်တွင်ဖော်ပြထားသော လေ့လာမှုအစီရင်ခံစာတစ်ရပ်ထဲတွင် Type 1 ဆီးချိုရောဂါနှင့်ပတ်သတ်ပြီး ပဉ္စမမြောက်နှင့် နောက်ဆုံးအဖြစ် ဖြေရှင်းကျန်ရှိနေသည့် ပုစ္ဆာကို ဖြေရှင်းလိုက်နိုင်ပြီဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားထားသည်။

ယခုတွေ့ရှိမှုကြောင့် ဆီးချိုရောဂါ ကိုကာကွယ်ခြင်းနှင့် ကုသခြင်းတို့တွင် တိုးတက်မှုများရှိလာတော့မည် ဖြစ်သည်။

Type 1 ဆီးချိုရောဂါတွင် ကိုယ်ခံအားစနစ်သည် ဖောက်လွဲဖောက်ပြန်ဖြစ်ကာ သွေးတွင်းသကြားအဆင့်ကို ထိန်းညှိရန် လိုအပ်သည့် အင်ဆူလင်နှင့် ဟော်မုန်းများထုတ်လုပ်ပေးသော ဆဲလ်များကို ဖျက်ဆီးပစ်လေ့ရှိသည်။

ထိုကဲ့သို့ ဖျက်ဆီးရာတွင် ကိုယ်ခံအားစနစ်က အဓိကတိုက်ခိုက်သော ပစ်မှတ် ၅ ခုရှိရာမှ ၄ ခုကို ရှာဖွေ့တွေ့ရှိထားသည် မှာ ကြာမြင့်နေပြီဖြစ်သော်လည်း ပဉ္စမမြောက်နှင့်နောက်ဆုံးတိုက်ခိုက်မှုကိုမူ ယခုမှရှာဖွေတွေ့ရှိခြင်း ဖြစ်သည်။

ယခုကဲ့သို့ တွေ့ရှိမှုကြောင့် Type 1 ဆီးချိုရောဂါဝေဒနာသည်များကို ကုသရာတွင်လည်း ပိုမို၍တိုးတက်ကောင်းမွန်လာ မည်ဖြစ်သည်။

Type 1 ဆီးချိုရောဂါသည် အသက်အရွယ်မရွေးဖြစ်နိုင်သည့်ရောဂါဖြစ်သော်လည်း ယေဘူယျအားဖြင့် အသက် ၄၀ အောက်များတွင်အဖြစ်များပြီး အထူးသဖြင့် ကလေးဘဝမှာတင် ဖြစ်နိုင်သည့် ဆီးချိုရောဂါဖြစ်သည်။

ဆီးချိုရောဂါဖြစ်ပွား စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းကသာ Type 1 ဆီးချိုရောဂါဖြစ်သော်လည်း ကလေးအရွယ်များတွင် တွေ့ရလေ့ရှိသည့် ဆီးချိုရောဂါအမျိုးအစား ဖြစ်သည်။

နေထိုင်မှုပုံစံမမှန်ကန်မှုကြောင့် အဖြစ်များသော Type 2 ဆီးချိုရောဂါမှာမူ လူကြီးများတွင်တွေ့ရသည့် ဆီးချိုရောဂါ စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းအထိရှိပြီး Type 1 နှင့်ယှဉ်လျှင် အသက်အရွယ်ရလာသည့် အချိန်တွင်ပို၍အဖြစ်များသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly