ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီတပ်များ၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကလေးငယ်သုံးဦးအပါအဝင် ဒေသခံ ရှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး( KNU) ဗဟို၏ ထုတ်ပြန်ချက်နှင့် ဒေသခံများထံက သတင်းရရှိသည်။
အောက်တိုဘာလ ၃၀ ရက်နေ့၊ ညပိုင်းတွင် ညောင်လေးပင်မြို့ အခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၂၀) နှင့် မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများက ၁၂၀ မမ နှင့် ၈၁ မမ အမျိုးအစား လက်နက်ကြီးများ ဆက်တိုက် ပစ်ခတ်မှုကြောင့် ညောင်လေးပင်မြို့နယ်၊ ရေဖြူကန်ကျေးရွာမှ ဒေသခံလေးဦး ဒဏ်ရာရပြီး အခြား နေအိမ်ပျက်စီးမှုများ ရှိကြောင်း သိရသည်။
" မနေ့ညက ညောင်လေးပင် ခမရ (၂၀ )နဲ့ ရွှေကျင်၊ ညောင်လေးပင်ကားလမ်းပေါ်က မို့ခိုမိုတံတားဂိတ်တွေကနေ လက်နက်ကြီးတွေနဲ့ပစ်တာ တော်တော်များတယ်။ တိုက်ပွဲလည်း မဖြစ်ဘဲနဲ့ပစ်တာ။ လူအထိအခိုက်ရှိတယ်" ဟု မြေပြင်သတင်းရင်းမြစ်တဦးက ယမန်နေ့ အောက်တိုဘာလ ၃၁ ရက်နေ့က မဇ္ဈိမကိုပြောသည်။
လက်နက်ကြီးထိမှန်မှုကြောင့် ဒဏ်ရာရသူများမှာ ရေဖြူကန်ကျေးရွာမှ အသက် တနှစ်ခွဲအရွယ် မောင်မင်းခန့်ဇော်၊ ၎င်း၏ မိခင်ဖြစ်သူ အသက် ၂၈ နှစ်အရွယ် မခင်မိုးဝေ၊ အသက်သုံးနှစ်အရွယ် မယွန်းယွန်း၊ အသက် ၂၇ နှစ်အရွယ် ကိုရန်ဝင်းအောင်တို့ဖြစ်ပြီး ညောင်လေးပင်မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
ထို့ပြင် အောက်တိုဘာလ ၃၀ ရက်နေ့၊ ညနေ ၃ နာရီကျော်တွင် ပိန်းဇလုပ်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၆၄)မှ စစ်ကောင်စီတပ်သားများက သာယာကုန်းစစ်ကောင်စီစခန်းမှနေ၍ ၁၂၀ မမ လက်နက်ကြီး နှစ်လုံး ပစ်ခတ်ခဲ့မှုကြောင့် KNU တပ်မဟာ (၃) နယ်မြေ၊ ကျောက်ကြီးမြို့နယ်၊ တောင်ခင်ကျေးရွာမှ ဒေသခံ လေးဦး ဒဏ်ရာရခဲ့ကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်အရ သိရသည်။
လက်နက်ကြီးထိမှန် ဒဏ်ရာရသူများမှာ အသက် ၁၃ နှစ်အရွယ် မအိရွှေစင်၊ အသက် ၁၈ နှစ်အရွယ် မသွန်းရွှေစင်၊ အသက် ၅၅ နှစ်အရွယ် ဒေါ်သေးသေး၊ အသက် ၅၈ နှစ်အရွယ် ဦးထွေးတင်တို့ဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာလ တလအတွင်း KNU တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကလေးငယ်တဦးနှင့် အမျိုးသမီးတဦးသေဆုံး၍ အမျိုးသမီး ၁၃ ဦး၊ ဆရာတော်တပါး အပါအဝင် ၂၃ ဦး ဒဏ်ရာရခဲ့ကြောင်း KNU ဗဟို၏ အောက်တိုဘာလအတွင်း ထုတ်ပြန်ချက်များအရ သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)