လာလီဂါချန်ပီယံဆုမှာ ဦးစားပေးဖြစ်ပြီး ဂိုးသွင်းအများဆုံးဆုမှာ ဒုတိယဦးစားပေးဟု ဆွာရက်ဇ် ဆို

လာလီဂါချန်ပီယံဆုမှာ ဦးစားပေးဖြစ်ပြီး ဂိုးသွင်းအများဆုံးဆုမှာ ဒုတိယဦးစားပေးဟု ဆွာရက်ဇ် ဆို

ဧပြီ ၂၄၊ စပိန်။               ။ ဘာစီလိုနာအသင်းက စပို့တင်းဂီဂျွန်အသင်းကို ၆-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် လေးဂိုးသွင်းယူပေးခဲ့သည့် တိုက်စစ်မှူး ဆွာရက်ဇ်က လာလီဂါချန်ပီယံဆုမှာ ဦးစားပေးဖြစ်ပြီး ဂိုးသွင်းအများဆုံးဆုမှာ ဒုတိယဦးစားပေးသာ ဖြစ်သည်ဟု ပြောဆိုလိုက်သည်။

ဆွာရက်ဇ်သည် ဒီပို့တီဗိုကို ၈-၀ ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင်လည်း လေးဂိုးသွင်းယူနိုင်ခဲ့သဖြင့် သုံးရက်အတွင်း ရှစ်ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ဆွာရက်ဇ်သည် ယခုနှစ်ရာသီတွင် ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲပေါင်းစုံတွင် ၅၃ ဂိုးသွင်းယူပေးထားပြီး လာလီဂါတွင် ၃၄ ဂိုးသွင်းယူထားသည်။ ထို့ကြောင့် ဆွာရက်ဇ်သည် ရီးယဲလ်တိုက်စစ်မှူး စီရောက်နယ်ဒိုထက် သုံးဂိုးပိုမိုသွင်းယူထားနိုင်ကာ လာလီဂါဂိုးသွင်းအများဆုံးကစားသမားစာရင်းတွင် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိသည်။

'သုံးရက်အတွင်းမှာ ရှစ်ဂိုးသွင်းယူနိုင်ခဲ့တာ တကယ်ကို အံ့သြမိပါတယ်။ ကျွန်တော် အသင်းကို ကူညီချင်ပါတယ်။ ဒီပွဲက ပထမပိုင်းမှာ တော်တော်ခက်ခဲပါတယ်။

လာလီဂါမှာ ဂိုးသွင်းအများဆုံးကစားသမားဖြစ်ဖို့ ရည်မှန်းထားပါတယ်။ ဒီလိုဖြစ်လာရင် တကယ်ကျေနပ်မိမှာပါ။ ဒါပေမဲ့ ဂိုးသွင်းအများဆုံးဆုထက် လာလီဂါချန်ပီယံဆုက အဓိက ဦးစားပေးပါ' ဟု ဆွာရက်ဇ်က ပြောသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly