လားရှိူးမြို့ပေါ်တွင် ပစ်ခတ်မှုများ ပြင်းထန်

By ရွှေနွယ်၊ ဂျူချန်း (မဇ္ဈိမ)
28 October 2023
လားရှိူးမြို့ပေါ်တွင် ပစ်ခတ်မှုများ ပြင်းထန်

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ လားရှိုးမြို့ပေါ် ရပ်ကွက်များတွင် ယနေ့ အောက်တိုဘာ ၂၈ ရက်နေ့ ညပိုင်း၌ လက်နက်ကြီး ပစ်ခတ်မှုများ ပြင်းထန်နေကြောင်း ဒေသခံများက ပြောသည်။

လက်နက်ကြီး ပစ်ခတ်မှုများကို အတွဲလိုက် မီးတန်းအနေဖြင့် မြင်တွေ့ရကြောင်း ဒေသခံများကဆိုသည်။

ယနေ့ မွန်းလွဲပိုင်းမှ စတင်ကာ လက်နက်ကြီးဖြင့် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားနေခြင်းဖြစ်ပြီး ယနေ့ ည ၆ နာရီအချိန်ခန့်တွင်မူ လက်နက်ကြီး ပစ်ခတ်မှုများမှာ ဆက်တိုက်ပြင်းထန်လာခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

လားရှိုးမြို့ပေါ်ရှိ အောင်သစ္စာရပ်ကွက်၊ ရပ်ကွက် (၇)၊ ရပ်ကွက် (၅) တို့တွင် ပစ်ခတ်မှုများကို ကျယ်လောင်စွာ ကြားရပြီး မြင်‌ေတွ့‌ေနရကြောင်း သိရသည်။

"မြို့တွင်း ၊ မြို့လယ်ခေါင်အကုန်ကြားရတယ်။ လူတွေမရှိတော့ဘူး ပြေးကုန်ပြီ။ အိမ်တွေထဲပြေးကုန်ပြီ။ ဆိုင်တွေပိတ်ကုန်ပြီ" ဟု လားရှိုးမြို့ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

"မီးတန်းကြီးကိုမြင်ရတာ ကြက်သီးတွေတောင်ထတယ်"၊ "တော်ဆိုးနေပြီ။ စာရွက်စာတန်းတွေနဲ့အဝတ်စားနည်းနည်းနဲ့စားစရာနည်းနည်းတွေတောင်လွယ်အိတ်တွေထဲ ထည့်ထားနေရပြီ။ ခုတော့ကုတင်အောက်မှာ နေနေရတယ်ဗျာ"၊ "လားရှိူး ရမခ တိုင်းဘက် အသံတွေကြား ဗျူဟာလမ်းထိပ် ပါရမီနားကရဲရုံးဝန်းကျင် ဗျူဟာလမ်းနီးနားဝန်းကျင်" အစရှိသဖြင့် လားရှို့မြို့ဒေသခံများမှ ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် မျှဝေထားကြသည်ကိုတွေ့ရသည်။

အဆိုပါ ပစ်ခတ်မှုများသည် လားရှိုးမြို့ပေါ်ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အတွင်းမှ ပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

လားရှိုးမြို့အနီးရှိ တိန်းတန် စစ်ကောင်စီတပ်စခန်းကို ယမန်နေ့ အောက်တိုဘာ ၂၇ နေ့က တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ( TNLA) မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မိုင်းကျက်တပ်စခန်းကို ယနေ့ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ကြောင်း TNLA တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#mizzima

#လားရှိုး

# တိုက်ပွဲပြင်းထန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly