လောက်ကိုင်မြို့ကို  စစ်ကောင်စီ ပိတ်ဆို့ 

By ဂျူချန်း (မဇ္ဈိမ)
27 October 2023
လောက်ကိုင်မြို့ကို  စစ်ကောင်စီ ပိတ်ဆို့ 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့တွင် ယနေ့ အောက်တိုဘာလ ၂၇ ရက်၌  စစ်ကောင်စီက မြို့ အဝင်၊အထွက်လမ်းများကို ပိတ်လိုက်၍ ဒေသခံများ အခက်ကြုံနေရသည်ဟု ဒေသခံများထံက သိရသည်။

“ဆိုင်တွေအများစုက ပိတ်လိုက်ကြပြီ။ ပြည်သူ့စစ်နဲ့ရဲတွေ ကား ၂၀ ကျော် ၃၀ လောက် သွားလာတာ တွေ့ရပါတယ်။ စစ်တပ်ကတော့ သွားလာနေတာ မတွေ့ရဘူး” ဟု ဒေသခံ ကပြောသည်။

လောက်ကိုင်မြို့တွင် စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေးကြေညာလိုက်သည် ဆိုသည့် သတင်းများလည်း ပျံ့နှံ့နေသည်ဟု ဒေသခံကဆိုသည်။

“လမ်းတွေက အကုန်ပိတ်ထားတာ။ သွားမရဘူး။  အကုန်ဒုက္ခရောက်ကုန်လိမ့်မယ်။ ထွက်တာနဲ့ပစ်မယ်လို့ပြောတယ်” ဟု လောက်ကိုင်ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

လောက်ကိုင်မြို့တွင် အခြားအနီးအနားဒေသမှ အလုပ်လာရောက်လုပ်ကိုင်သူများရှိပြီး တိုက်ပွဲထပ်ဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် နေရပ်ပြန်လိုသူများ ပိတ်မိနေကြောင်းလည်း ဒေသခံများက ပြောသည်။

“လောက်ကိုင်ကနေ  ရွှေ့ပြောင်းတဲ့လူက များပါတယ်။ အိမ်ပြန်ချင်ကြတဲ့လူတွေ ပြန်လို့မရလို့ ဒုက္ခရောက်နေကြတယ်။ လမ်းပိတ်လို့ ပြန်မရတဲ့လူများတယ်။ ရှမ်းပြည်မြောက်ပိုင်းလမ်း အကုန်ပိတ်လိုက်ပြီလေ။ ပြန်တဲ့လူတွေက လောက်ကိုင်မြို့အနီးအနားမှာ နေထိုင်ကြတဲ့လူတွေပါ"ဟု ၎င်းက ဆက်ပြောသည်။ 

လတ်တလောတွင် တိုက်ပွဲအခြေအနေများအရ လားရှိုး-ချင်းရွှေဟော် နှင့် လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီးများကို အရေးပေါ်ပိတ်ထားပြီး ပြန်ဖွင့်မည့် ရက်ကိုမူ ထပ်မံထုတ်ပြန်ပေးမည်ဖြစ်ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

လောက်ကိုင်မြို့နယ် ချင်းရွှေဟော်မြို့ကို MNDAA တပ်က ထိန်းချုပ်ထားပြီး ယနေ့ ညနေပိုင်းအချိန်အထိ လောက်ကိုင်မြို့ဘက်မှ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်လျက်ရှိသည်ဟု ဒေသခံထံက  သိရသည်။

စာတည်း။         ။ ဖူးသိမ်ကျ

#မြန်မာသတင်း
#ရှမ်းပြည်နယ်
#လောက်ကိုင်မြို့
#တိုက်ပွဲဖြစ်ပွား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly