မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ဆင်ဖြူရှင်တံတားမှ ချင်းတွင်းမြစ်ရိုးအတိုင်း သစ်များတင်ဆောင်လာသည့် စစ်ကောင်စီတပ်ဖွဲ့၏ သင်္ဘောများကို အောက်တိုဘာ ၂၂ရက် မနက်ပိုင်းအချိန်တွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
"စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။စခ(စစ်ကောင်စီတပ်ဖွဲ့)ဘက်ကလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေလုပ်တဲ့အတွက် တိုက်ပွဲငယ်တခု ဖြစ်ပွားခဲ့ပါတယ်။တိုက်ပွဲကြာချိန် ၁၅မိနစ်ခန့် ရှိပါတယ်။ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ပါတယ်"ဟု မန္တလေးခရိုင် တပ်ပေါင်းစု ဥက္ကဌ၊ အမှတ်(၃) တပ်ရင်းမှူး ဗိုလ်နက္ခတ်က ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို မန္တလေးခရိုင်အမှတ် (၃)တပ်ရင်းများဖြစ်သည့် Black Wolf PDF-MDY (တပ်ခွဲ - ၃ ) ၊ ဒေါင်းညီနောင် ( တပ်ခွဲ - ၃ ) တို့နှင့်အတူ ညီနောင်မဟာမိတ်များဖြစ်သည့် People's Security Force ( ရေစကြိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ) ၊ 8Stars ( မြင်းခြံ ပြောက်ကျားတပ်ဖွဲ့ ) တို့က ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်သည်။
တိုက်ခိုက်ခံရသော အဆိုပါ သစ်တင်သင်္ဘောများသည် မြစ်ရိုးတစ်လျှောက် ဆက်လက်စုန်ဆင်းသွားပြီး ယင်းသင်္ဘောများပေါ်မှ စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်မှုများပြုလုပ်နေသဖြင့် မြစ်ကမ်းနံဘေးကျေးရွာများတွင် နေထိုင်သော ဒေသခံများအနေဖြင့် သတိထား သွားလာကြပါရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အသိပေးထားသည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး