ဥရောပသမဂ္ဂမှ မထွက်ရန် ဗြိတိန်ကို အိုဘားမား သတိပေး

ဥရောပသမဂ္ဂမှ မထွက်ရန် ဗြိတိန်ကို အိုဘားမား သတိပေး

လန်ဒန်၊ ဧပြီ၊ ၂၂ ။              ။ ဗြိတိန်နိုင်ငံအနေဖြင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ်သာ ဆက်လက်နေထိုင်သင့်ကြောင်း အမေရိကန်သမ္မတအိုဘားမား က သောကြာနေ့က လန်ဒန်မြို့သို့ အလည်အပတ်ခရီးစဉ်အဖြစ် သွားရောက်စဉ် သတိပေးပြောကြားလိုက်သည်။

ဗြိတိန်နိုင်ငံအနေဖြင့်  နိုင်ငံပေါင်း ၂၈ နိုင်ငံပါဝင်သော ဥရောပသမဂ္ဂတွင် ဆက်လက်ပါဝင်ခြင်း ပြု၊မပြုဆိုသည်ကို တစ်နိုင်ငံလုံးအဆင့်မဲခွဲဆုံးဖြတ်ရန်မှာ ၂ လသာလိုတော့သည့် အချိန်တွင် အိုဘားမားက ယခုကဲ့သို့သတိပေး ပြောကြားလိုက်ခြင်းဖြစ်သည်။

ဥရောပသမဂ္ဂတွင်ပါဝင်နေခြင်းဖြင့် ဗြိတိန်နိုင်ငံသည် အလုပ်အကိုင်အခွင့်အလမ်း၊ ကုန်သွယ်မှု နှင့် စီးပွားရေးဖွံ့ဖြိုးမှုတို့တွင် အကျိုးအမြတ်များရှိနေပြီး ဗြိတိန်နိုင်ငံသားအတွက်လည်း ကြီးမားသည့် အကျိုးကျေးဇူးများရှိနေသည်ဟု အိုဘားမားက ပြောကြားသည်။

ထို့ပြင် ဥရောပသမဂ္ဂမှ ထွက်ခွာလိုက်ပါက ဗြိတိန်အနေဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ ရွှေ့ပြောင်းဒုက္ခသည်များအရေး နှင့် စီးပွားရေးရုတ်တရက်ကျဆင်းမှုတို့ကဲ့သို့သော ပြဿနာရပ်များကိုရင်ဆိုင်ရာတွင် ပိုမိုခက်ခဲသွားမည်ဟုလည်း အိုဘားမားက သတိပေးပြောကြားခဲ့သေးသည်။

တစ်သီးပုဂ္ဂလခန့်မှန်းသုံးသပ်သူများကလည်း ကမ္ဘာ့ပဉ္စမမြောက်အကြီးဆုံးစီးပွားရေးကို ပိုင်ဆိုင်ထားသည့် ဗြိတိန်နိုင်ငံအနေဖြင့် ဥရောပသမဂ္ဂမှ ထွက်ခွာလိုက်ပါက စီးပွားရေးအရအကြီးအကျယ် ရိုက်ခတ်မှုနှင့် ရင်ဆိုင်ရနိုင်သည်ဟု ခန့်မှန်းထားသည်။

ရင်းနှီးမြုပ်နှံသူများဘက်မှလည်း ယခုကတည်းစိုးရိမ်ပူပန်မှုများထွက်ပေါ်လျှက်ရှိပြီး ပေါင်ငွေတန်ဖိုးမှာ ယခုနှစ်အတွင်းတွင် သိသိသာသာကျဆင်းသွားခဲ့သည်။

အမေရိကန်ကုမ္ပဏီများသည် ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၈ နိုင်ငံစလုံး၌ လုပ်ငန်းလည်ပတ်လုပ်ကိုင်ခွင့်ရရှိထားရာ ဗြိတိန်သည် ဘာသာစကား၊ လူသားအရင်းအမြစ်နှင့် အခြားဥရောပနိုင်ငံများသို့ အလွယ်တကူရောက်ရှိနိုင်မှုတို့ကြောင့် ၎င်းတို့အတွက်အဆင်အပြေဆုံးနေရာဖြစ်လျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly