ပဲခူးတွင် ရေအနည်းငယ် ပြန်ကျနေသော်လည်း အကူအညီများလိုအပ်လျက်ရှိ

By YT (မဇ္ဈိမ)
12 October 2023
ပဲခူးတွင် ရေအနည်းငယ် ပြန်ကျနေသော်လည်း အကူအညီများလိုအပ်လျက်ရှိ
ဓါတ်ပုံ- ပဲခူးမြို့ပေါ် ရေကြီးမှုမြင်ကွင်းအချို့ (ဓါတ်ပုံ- လူမှုကွန်ယက်)

မိုးရွာသွန်းမှုများ၍ ပဲခူးမြစ်ရေလျှံကာ မြို့ပေါ် ရပ်ကွက် အားလုံးနီးပါး ရေနစ်မြုပ်နေသည့် ပဲခူးတိုင်း၊ ပဲခူးမြို့တွင် ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့၌ ရေကျဆင်းလာပြီဖြစ်ကြောင်း လူမှုကူညီရေးအသင်းများနှင့် ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်နေ့မှစတင်၍ ပဲခူးမြို့တွင် မိုးရွာသွန်းမှုများကြောင့် မြစ်ရေ၊ ချောင်းရေ မြင့်တက်လာပြီး မြို့ပေါ်ရပ်ကွက် အားလုံးနီးပါး၌ ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ရေကြီးနစ်မြုပ်မှု ဖြစ်ပွားခြင်း ငါးရက်အကြာ ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့တွင် ပဲခူးမြို့ပေါ် အမြင့်ပိုင်း ရပ်ကွက်အချို့၌ ရေအနည်းငယ် ပြန်ကျ၍ လူသွားလာနိုင်ပြီဖြစ်ပြီး အနိမ့်ပိုင်းရပ်ကွက်များနှင့် အမြင့်ပိုင်းရပ်ကွက်အချို့တွင်မူ ရေကြီးနစ်မြုပ်မှု ဆက်လက်ကျန်ရှိနေဆဲဖြစ်၍ လူတရပ်ပင် မမှီသေးသည်အထိ ရေကြီးနေဆဲနေရာများလည်း ရှိသေးကြောင်း သိရသည်။

လက်ရှိတွင် ပဲခူးမြို့ပေါ်မှ ရေဘေးသင့်ပြည်သူများအတွက် ယာယီအရေးပေါ်ကူညီကယ်ဆယ်ရေးစခန်း ၂၉ ခု ဖွင့်လှစ်ထားရပြီး ကယ်ဆယ်ရေးစခန်းများသို့ မရောက်ဘဲ ရေနစ်မြုပ်နေသည့် နေအိမ်အတွင်း၌ပင် နေနေရသည့် ဒေသခံများလည်း ရှိကြောင်း၊ ပဲခူးမြို့ပေါ်တွင် ရေဘေးသင့်ပြည်သူ သောင်းနှင့်ချီ ရှိကြောင်း သိရသည်။

" ကယ်ဆယ်ရေးစခန်းတွေမှာက အစိုးရအဖွဲ့တွေ အုပ်ချုပ်ရေးပိုင်းကသူတွေက တာဝန်ယူပြီးတော့ တအိမ်တထုပ် တထုပ်နဲ့ တာဝန်ယူထားတာ။ ဒီ ပရဟိတအသင်းတွေကျတော့ ရေနက်တဲ့နေရာတွေမှာ ကိုယ်တိုင်ကိုယ်ကျ ကယ်ဆယ်ရေးသွားတယ်၊ လိုက်လှူတယ် လှေလေးတွေနဲ့လေ၊ တောက်လျှောက်သွားနေတယ်" ဟု ဟံသာဝတီ(မွန်)လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။

ပဲခူးမြို့ရှိ ရေဘေးသင့်ပြည်သူများအနေဖြင့် နေအိမ်ပြန်ရန် သုံးရက်ဝန်းကျင် ကြာမြင့်ဦးမည်ဖြစ်ပြီး အဆိုပါ ရေဘေးသင့်ပြည်သူများအတွက် အကူအညီများလိုအပ်နေကြောင်း သိရသည်။

" လက်ရှိ လိုအပ်နေတဲ့အရာတွေကတော့ စောင်၊ ခြင်ထောင်၊ အဝတ်အစား၊ ဓာတ်ဆား၊ ဆေးဝါး အဲ့ဒါလေးတွေကတော့ အဓိက လိုအပ်နေပါတယ်ဗျ။ ကျွန်တော်ထင်တာတော့ ရေပြန်ကျပြီး ရေဘေးသင့်ပြည်သူတွေ နေအိမ်ပြန်နိုင်ဖို့ သုံးရက်လောက် လိုပါဦးမယ်" ဟု မေတ္တာရွှေစင် ပရဟိတအသင်းမှ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန​၏ ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့ ထုတ်ပြန်ချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ၎င်း​၏ စိုးရိမ်ရေမှတ်အထက် နှစ်ပေ သုံးလက်မခန့် မြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်း၌ ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့တွင် နေရာစိပ်စိပ် မိုးရွာသွန်းနိုင်သကဲ့သို့ နေရာကွက်၍လည်း မိုးကြီးနိူင်ကြောင်း၊ ရွာရန် ရာနှုန်းပြည့်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးဇလ​၏ ထုတ်ပြန်ချက်အရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly