အောင်မြေသာစံ ရဲစခန်းမှ ရဲတပ်ကြပ် ပစ်သတ်ခံရမှုနှင့် ဆက်နွယ်ပြီး အမျိုးသား ၅ဦး ဖမ်းဆီး

By ၀၀၈(မဇ္ဈိမ)
12 October 2023
အောင်မြေသာစံ ရဲစခန်းမှ ရဲတပ်ကြပ် ပစ်သတ်ခံရမှုနှင့် ဆက်နွယ်ပြီး အမျိုးသား ၅ဦး ဖမ်းဆီး

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ အမှတ်(၄)ရဲစခန်းမှ ရဲတပ်ကြပ် မိုးဆန်းဦး ပစ်သတ်ခံရမှုနှင့်ဆက်နွယ်၍ အောက်တိုဘာ ၁၁ရက်၊ ည ၁၀နာရီ ၃၀မိနစ်ခန့်က အမျိုးသား ငါးဦး ဖမ်းဆီးခံရကြောင်းသိရသည်။

"ညက ၁၀နာရီခွဲလောက် အိမ်စီးကား သုံးစီးနဲ့ လာဖမ်းသွားတယ်။ အရပ်ဝတ်ရော ယူနီဖောင်းနဲ့ရောဆိုရင် အင်အား ၂၀ကျော်လောက်ရှိတယ်။ဆိုင်ရှင်နဲ့သူ့အလုပ်သမား သုံးဦး အဖမ်းခံရတယ်။ အခုမနက်သိရတာတော့ ရဲသတ်တာနဲ့ဆက်နွှယ်တယ်ဆိုပြီး ဖမ်းတာတဲ့။ အခု အဲဒီဖုန်းဆိုင် ပိတ်ထားတာတွေ့တယ်။"ဟု အဖမ်းခံရသည့် ဖုန်းဆိုင်အနီးတွင် နေထိုင်သူ တဦးကပြောသည်။

အလားတူ ၁၁လမ်း၊ ၇၉လမ်းနှင့် ၈၀လမ်းကြား၊ သူရဲစျေး ဘူတာပေါက်အနီးရှိ တိုက်ခန်းတခုမှလည်း လူငယ်တဦး ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံတဦးကပြောသည်။

"အဖမ်းခံရတဲ့ ကောင်လေးက ကျောင်းသားလေးပါ။ ဘာသံ ညာသံ မကြားပါဘူး။ သူ့မိဘတွေတော့ လိုက်နေကြတယ်။ ကျွန်တော် သိသလောက် ပြောတာပါ။"ဟု ဒေသခံတဦးကပြောသည်။

ဖမ်းဆီးခံရသူများသည် ရဲစခန်းအနီး ရပ်ကွက်များမှ လူငယ်များဖြစ်ပြီး ထပ်မံစွပ်စွဲဖမ်းဆီးခံရမည်ကို ဒေသခံများက စိုးရိမ်လျှက်ရှိကြောင်း သိရသည်။

"အထင်နဲ့ အခုလိုတွေ ထပ်ဖမ်းမှာ စိုးရိမ်တယ်။ ရှင်းရှင်းပြောရရင် အလကားနေရင်း အဖမ်းခံရမှာကြောက်တယ်ဗျာ။"ဟု ရဲစခန်းအနီး ဌာနီရှေ့ရပ်ကွက်တွင် နေထိုင်သူ တဦးပြောသည်။

လတ်တလောတွင် ရဲစခန်းအနီးရှိ စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်များနှင့်နေအိမ်များမှ CCTV မှတ်တမ်းများကို စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ယနေ့ နံနက် ၁၀ နာရီကျော်သည့်တိုင် မိသားစုဝင်များနှင့်ဖမ်းဆီးခံထားရသူများ အဆက်အသွယ် မရရှိသေးကြောင်း သိရသည်။

ရဲတပ်ကြပ် မိုးဆန်းဦးသည် အပြင်မှရဲစခန်းသို့ အပြန် အောက်တိုဘာ ၁၀ရက်၊ ညနေ ၆နာရီခန့်က အမှတ်(၄)ရဲစခန်းအနီးတွင် ပစ်သတ်ခံရခြင်းဖြစ်သည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို  Generation Z Power - GZP (Mandalay)၊ ပြည်သူ့ကာကွယ်ရေး မြို့ပြ‌ပြောက်ကျားတပ်ဖွဲ့(မန္တလေး)က လုပ်ဆောင်ခဲ့ကြောင်း ၎င်းနေ့မှာပင် သတင်းထုတ်ပြန်ခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly