လက်ဘနွန်ကနေ အစ္စရေးဘက်ကို ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ဟု ဟစ်ဇ်ဘိုလာအဖွဲ့ ပြော

လက်ဘနွန်ကနေ အစ္စရေးဘက်ကို ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ဟု ဟစ်ဇ်ဘိုလာအဖွဲ့ ပြော
Photo-AFP

လက်ဘနွန်ရှိ အီရန် ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့က ၎င်းတို့ အောက်တိုဘာ ၁၁ ရက်တွင် အစ္စရေးကို ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ပြောသည်။ ဟစ်ဇ်ဘိုလာအဖွဲ့၏ ဒုံးကျည်ပစ်ခတ်မှုကြောင့် အစ္စရေးဘက်ကလည်း ပြန်လည် တုံ့ပြန် ပစ်ခတ်မှုများ ရှိခဲ့သည်ဟု သိရသည်။

နှစ်ဖက်စလုံးတွင် လူရာချီ သေဆုံးသည့် ပဋိပက္ခတခုအတွင်း ဟားမတ်စ် စစ်သွေးကြွများအပေါ် လက်တုံ့ပြန် စစ်ဆင်နွှဲရန် အစ္စရေးက ဂါဇာကမ်းမြှောင်ဝန်းကျင်တွင် တပ်ဖွဲ့ဝင်များနှင့် တင့်ကားများကို စုစည်းထားခဲ့စဉ် အထက်ပါ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပေါ်ခြင်း ဖြစ်သည်။

“ဟစ်ဇ်ဘိုလာအဖွဲ့အနေနဲ့ မိမိတို့ရဲ့ ညီနောင်ရောင်းရင်းတွေ အသက်စွန့်လွှတ်ခဲ့ရတဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ဒါရာကျေးရွာနဲ့ မျက်နှာချင်းဆိုင်မှာ ရှိတဲ့ အစ္စရေး ပစ်မှတ်တခုကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်” ဟု အဆိုပါအဖွဲ့က ထုတ်ပြန်ချက်တရပ်တွင် ပြောသည်။

“မိမိတို့ နိုင်ငံနှင့် မိမိတို့ ပြည်သူတို့၏ လုံခြုံရေးအပေါ် ပစ်မှတ်ထားသည့် အစ္စရေး၏ တိုက်ခိုက်မှုများကို အခိုင်အမာ တုံ့ပြန်သွားမည်” ဖြစ်ကြောင်း အဆိုပါ အဖွဲ့က သတိပေးသည်။

တင့်ကားဖျက် ဒုံးကျည်များနှင့် ပစ်ခတ်မှုကို တုံ့ပြန်သည့်အနေဖြင့် အစ္စရေးစစ်တပ် စစ်သားများက လက်ရှိတွင် လက်ဘနွန်နယ်မြေတွင် တိုက်ခိုက်မှုများ လုပ်ဆောင်လျက် ရှိသည်ဟု အစ္စရေးစစ်တပ်က ပြောသည်။

နယ်စပ်ကျေးရွာတခုဖြစ်သည့် ဒါယာတွင် အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း လက်ဘနွန်၏ National News Agency (NNA) က ဖော်ပြသလို ယင်းနေရာတွင် လူနေဧရိယာများအနီး ပေါက်ကွဲသံကြားခဲ့ရကြောင်း အေအက်ဖ်ပီသတင်းသမားတဦးက ပြောသည်။

နယ်စပ်တလျောက်တွင် နေရာတချို့တွင် အစ္စရေး၏ ပစ်ခတ်မှုများကို ဟစ်ဇ်ဘိုလာတို့က စက်သေနတ်များဖြင့် ပြန်လည်တုံ့ပြန်ခဲ့ကြောင်း NNA က ဖော်ပြသည်။

လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် မိမိတို့ အဖွဲ့ဝင် သုံးဦး သေဆုံးခဲ့ရကြောင်း ဟစ်ဇ်ဘိုလာအဖွဲ့က အောက်တိုဘာ ၉ ရက်တွင် ပြောသည်။

လက်ရှိတွင် ဂါဇာတွင် ဟားမတ်စ်တို့ကို အစ္စရေးက တိုက်ခိုက်နေချိန် ဒုတိယမြောက် ရှေ့တန်းစစ်မျက်နှာတခု မဖွင့်ရန် အစ္စရေးနှင့် ယင်း၏ အနီးကပ် မဟာမိတ် အမေရိကန်တို့က ဟစ်ဇ်ဘိုလာအဖွဲ့ကို သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required