SSPP/SSA တပ်များလွယ်လန်းတောင်ကြောမှ ဆုတ်ခွာပေးမည်မဟုတ်

SSPP/SSA တပ်များလွယ်လန်းတောင်ကြောမှ ဆုတ်ခွာပေးမည်မဟုတ်

ချင်းမိုင်၊ ဧပြီ ၂၂ ။              ။ ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ် လွယ်စေး၊ လွယ်လန်းတောင်ကြောရှိ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်ပြည်တပ်မတော်(SSPP/SSA) တပ်များမှ ဆုတ်ခွာပေးမည် မဟုတ်ကြောင်း SSPP/SSA မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဗိုလ်မှူးကြီး ပိန်ဖက ပြောသည်။

မနက်ဖြန် ဧပြီလ ၂၂ ရက်နောက်ဆုံးထားဆုတ်ခွာပေးရန် လားရှိူးမြို့အခြေစိုက် အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ)သို့ လားရှိူးမြို့ရှိ SSPP/SSA ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူးအောင်လတ်အား ခေါ်ယူ၍ ဆုတ်ပေးရန် ပြောဆိုမှုအပေါ် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“၂၂ ရက်နေ့ နောက်ဆုံး ဆုတ်ပေးဖို့ ပြောတယ်။ ဆုတ်ပေးဖို့ မဖြစ်နိုင်ဘူး။ သူတို့က သက်သက်မဲ့ ရန်ရှာတာဘဲ၊ လွန်ခဲ့တဲ့ နှစ်ကလည်း ပြောတယ်။ ငြိမ်းချမ်းရေးစကားပြောမယ့်အစား အဲဒီလိုလာပြောတော့ သက်သက်မယ့် ရန်ရှာတာဘဲ။ ဆုတ်ခွာပေးဖို့ မဖြစ်နိုင်ဘူး”ဟု SSPP/SSA ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဗိုလ်မှူးကြီး ပိန်ဖက မဇ္ဈိမကို ပြောသည်။

လားရှိူးမြို့ SSPP/SSA ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူး အောင်လတ်နှင့် ရမခ တို့အကြား ညှိနှိုင်းမှုများ ပြုလုပ်နေဆဲ ဖြစ်သည်ဟု သူက ပြောသည်။

လက်ရှိ SSPP/SSA တပ်များကို ဆုတ်ခိုင်းသော နေရာသည် သံလွင်မြစ်၏ အနောက်ဘက်ခြမ်းတွင် ရှိပြီး သံလွင်မြစ်၏ အရှေ့ဘက်ခြမ်းတွင် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ မြောက်ဘက်တွင် ကချင်လွတ်လပ်ရေး တပ်မတော်(KIA) တပ်များအခြေစိုက်နေခြင်း ဖြစ်သည်ဟု သိရသည်။

ဧပြီလဆန်းပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီမြို့နယ် ဝမ်ဟိုင်းဌာနချုပ်အနီး မိုင်းရှူး၊ မိုင်းနောင်မြို့နယ်အတွင်းသို့ မြန်မာ့တပ်မတော်ဘက်မှ စစ်အင်အားအပြည့်တင်လာသော စစ်ကား အစီးပေါင်း ၈၀ ကျော် တိုးချဲ့ ပို့ဆောင်လာသဖြင့် SSPP/SSA တပ်နှင့် တိုက်ပွဲ ဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်ခဲ့ရသည်။

သို့သော် ယခုထိ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသေးဘဲ တန့်ယန်းမြို့နယ်အတွင်းရှိ SSPP/SSA တပ်များကို ဆုတ်ခွာပေးရန် ဖိအားပေး ပြောဆိုလာခြင်း ဖြစ်သည်။

ပြီးခဲ့သည့် မတ် ၂၆ ရက်မှ ၂၈ ရက်များတွင် SSPP,UWSA , NDAA,KIA,MNDAA,TNLA,AA အဖွဲ့အစည်း ၇ ဖွဲ့က ဝ ထိန်းချုပ်နယ်မြေ ပန်ဆန်းတွင် အစည်းအဝေး ကျင်းပခဲ့ပြီး မြန်မာ့တပ်မတော်မှ ရှမ်းပြည်မြောက်ပိုင်း ထိုးစစ်ဆင်မှုများ ရပ်တန့်ရန်နှင့် တိုင်းရင်းသား အဖွဲ့အစည်း အချင်းချင်းကြား ပဋိပက္ခဖြစ်ပွားရန် ဆက်လက် ဆောင်ရွက်နေပါက တိုင်းရင်းသား လက်နက်ကိုင် တေ်ာလန်ရေးအဖွဲ့အစည်းများသည် ပူးပေါင်း၍ တားဆီးကာကွယ်သွားမည်ဖြစ်ကြောင်း သဘောတူခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အောက်တိုဘာလက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် မူကြမ်း(NCA) လက်မှတ်မရေးထိုးခဲ့သဖြင့် ယခင်အစိုးရစစ်တပ်မှ ထိုးစစ်ဆင်မှုကြောင့် SSPP ဝမ်ဟိုင်းဌာနချုပ်အနီးရှိ တာဆမ်ပူး ကူတို့ဆိပ်တပ်စခန်းအား ဆုတ်ပေးလိုက်ရသေးသည်။

၂၀၁၂ ခုနှစ်က သမ္မတဟောင်း ဦးသိန်းစိန်ဦးဆောင်သော အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးလက်မှတ်ရေးထိုးခဲ့ပြီးနောက် SSPP/SSA ဘက်မှ တပ်စခန်း ၁၀ ခုခန့် ဆုတ်ပေးလိုက်ရသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags