အစ္စရေး-ဟားမတ်စ် အကြား စစ်ပွဲအတွင်း သေဆုံးသူ ၁,၁၀၀ ကျော်အထိ မြင့်တက်လာ

အစ္စရေး-ဟားမတ်စ် အကြား စစ်ပွဲအတွင်း သေဆုံးသူ ၁,၁၀၀ ကျော်အထိ မြင့်တက်လာ
Photo - AFP

အစ္စရေးနှင့် ပါလက်စတိုင်း စစ်သွေးကြွအုပ်စု ဟားမတ်စ်အဖွဲ့အကြား ပြင်းထန်တိုက်ပွဲများ ဖြစ်ပွားမှု သုံးရက်မြောက် ရောက်လာချိန် နှစ်ဖက်စလုံးတွင် သေဆုံးသူဦးရေသည် ၁,၁၀၀ ကျော်အထိ ရှိလာကြောင်း သိရသည်။

အစ္စရေးတပ်ဖွဲ့များသည် အောက်တိုဘာ ၉ ရက်တွင် ဂါဇာကမ်းမြှောင်ဒေသအနီးဝန်းကျင်ရှိ သဲကန္တရတခုကို ပြန်လည်ထိန်းချုပ်နိုင်ရန် တိုက်ခိုက်နေခဲ့သလို တိုက်ပွဲများအောက် ရောက်နေသော နယ်စပ် ဧရိယာမှ ပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် လုပ်ဆောင်ခဲ့သည်။

ပါလက်စတိုင်း ဟားမတ်စ်အဖွဲ့က ဂါဇာကမ်းမြှောင်မှ အစ္စရေးဘက်ကို ဒုံးကျည်များ တရစပ် ပစ်လွှတ်ပြီး မြေပြင်တိုက်ခိုက်ရေးသမားများ စေလွှတ်ကာ အရပ်သားများကို ပစ်သတ်ပြီး ဓားစာခံ ၁၀၀ ဦးထက်မနည်း ဖမ်းဆီးထိန်းသိမ်းလျက် ရုတ်တရက် ရှောင်တခင် တိုက်ခိုက်မှု လုပ်ဆောင်ပြီးနောက် တရက်အကြာတွင် “ရှည်လျား၊ ခက်ခဲသော” တိုက်ပွဲတခုအတွက် အသင့်ပြင်ရန် အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက အောက်တိုဘာ ၈ ရက်တွင် သတိပေးသည်။

ဟားမတ်စ်တို့က အကြီးစား တိုက်ခိုက်မှု လုပ်ဆောင်ပြီးနောက် အစ္စရေးနိုင်ငံသား ၇၀၀ ကျော် သေဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ် (IDF) က အောက်တိုဘာ ၉ ရက်တွင် ပြောသည်။ ယင်းသည် ၁၉၇၃ အာရပ်-အစ္စရေး စစ်ပွဲ ပေါ်ပေါက်ပြီးနောက်ပိုင်း အစ္စရေးအတွက် အဆိုးဝါးဆုံး သေဆုံးဆုံးရှုံးမှုများပင် ဖြစ်သည်။

ဟားမတ်စ်တို့၏ တိုက်ခိုက်မှုအပေါ် ပြန်လည်တုံ့ပြန်သောအားဖြင့် အစ္စရေးက ဟားမတ်စ် ပစ်မှတ်ပေါင်း ၈၀၀ ခန့်ကို လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ လူပေါင်း ၂ ဒသမ ၃ သန်း နေထိုင်သော ဆင်းရဲနွမ်းပါးပြီး ပိတ်ဆို့ခံထားရသည့် ဂါဇာကမ်းမြှောင်ဒေသတွင် အနည်းဆုံး သေဆုံးသူ ၄၁၃ ဦး ရှိကြောင်း ဂါဇာတာဝန်ရှိသူများက ပြောသည်။ မြေပြင် ကျူးကျော်စစ်ဆင်နွှဲမှု ဖြစ်လာနိုင်မည့်အပေါ်လည်း အများအပြားက စိုးရိမ်ပူပန်နေကြသည်။

တောင်ဘက်ပိုင်းတွင် ဟားမတ်စ် တိုက်ခိုက်ရေးသမားများကို တိုက်ခိုက်ရန် အစ္စရေးတပ်ဖွဲ့ဝင် သောင်းချီကို တပ်ဖြန့်ထားပြီး အဆိုပါ တောင်ဘက်ပိုင်းရှိ လမ်းများပေါ်နှင့် မြို့လယ်နေရာများတွင် အရပ်သား အလောင်းများ ပြန့်ကျဲရှိနေသည်ကို တွေ့ရသည်။

“ရန်သူက မြေပြင်မှာ ရှိနေဆဲပါ” ဟု စစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဒန်နီယယ် ဟာဂါရီက ပြောသည်။

ဟားမတ်စ်အဖွဲ့၏ မကြုံစဖူး အကြမ်းဖက်တိုက်ခိုက်မှုနှင့် ရင်ဆိုင်အတွေ့တွင် အစ္စရေးအတွက် ထပ်တိုး ထောက်ကူ ပံ့ပိုးမှုများ လုပ်ဆောင်ရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ညွှန်ကြားသည်။

စစ်လက်နက်ပစ္စည်းများ အပါအဝင် ထပ်တိုး ပစ္စည်းများနှင့် ရင်းမြစ်များဖြင့် အစ္စရေးစစ်တပ်ကို အမေရိကန်ဘက်က မြန်မြန်ဆန်ဆန် ပံ့ပိုးပေးမည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင်က ပြောသည်။

ထို့ပြင် USS Gerald R.Ford လေယာဉ်တင်သင်္ဘောနှင့် စစ်သင်္ဘောအုပ်စုကို အရှေ့မြေထဲပင်လယ်ဒေသဘက်သို့ အော်စတင်က စေလွှတ်ခဲ့သလို ဝါရှင်တန်အနေဖြင့် ယင်းဒေသတွင် တိုက်လေယာဉ်အုပ်ကို တိုးပွားစေရန် လုပ်ဆောင်ထားကြောင်း ပြောသည်။

အမေရိကန်၏ ကူညီပံ့ပိုးမှုက ပါလက်စတိုင်းပြည်သူများအပေါ် “ရန်လိုမှု” သဘောသက်ရောက်သည်ဟု ဟားမတ်စ်က ပြောသည်။

ယခု ပဋိပက္ခသည် တကမ္ဘာလုံးအပေါ် သက်ရောက်မှု ရှိပြီး ဘရာဇီး၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အိုင်ယာလန်၊ မက္ကဆီကို၊ နီပေါ၊ ထိုင်းနှင့် ယူကရိန်း အပါအဝင် ကမ္ဘာ့အခြားနိုင်ငံများမှ နိုင်ငံသားများ သေဆုံး၊ ပြန်ပေးဆွဲခံရ သို့မဟုတ် ပျောက်ဆုံးနေမှုများ ရှိနေသည်။

ရုတ်တရက် တိုက်ခိုက်ခံရမှုအတွင်း အမေရိကန်နိုင်ငံသားတချို့ သေဆုံးကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူတဦးက အတည်ပြုသော်လည်း နောက်ထပ် အသေးစိတ်ကို ပြောဆိုခြင်း မရှိပေ။

အောက်တိုဘာ ၉ ရက်တွင် ကမ္ဘာ့ရေနံဈေးနှုန်းများက လေးရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး ရေနံစိမ်းပေါကြွယ်ဝသည့် ဒေသမှ ရေနံထောက်ပံ့မှုဆိုင်ရာ ရှော့ခ်များ ဖြစ်ပေါ်နိုင်ခြေနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများကို ထွက်ပေါ်စေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly