မတူပီမြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းတိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံး ဟုဆို

By ပါခွီး (မဇ္ဈိမ)
08 October 2023
မတူပီမြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းတိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံး ဟုဆို
ပုံအညွှန်း - CDF – Matupi တပ်ဖွဲ့ဝင်များ  ဓါတ်ပုံ -  CDF – Matupi

ချင်းပြည်နယ် ၊ မတူပီမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးသွားကြောင်း ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) CDF – Matupi က အောက်တိုဘာလ ၆ ရက်တွင် သတင်းထုတ်ပြန်သည်။

မတူပီ - ဟားခါးလမ်းမပေါ်ရှိ ခရိုင်ရုံး နှင့် ငလိုင်ကျေးရွာအကြားတွင် အင်အား ၈၀ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ကို  အောက်တိုဘာ ၆ရက် နေလယ်  ၁၂ နာရီတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ မိနစ် ၃၀ ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ် တပ်သားနှစ်ဦး သေဆုံးပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ခရိုင်ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးလာတဲ့အတွက် ကျနော်တို့က စောင့်ပြီးပစ်ခတ်ကြတာပါ ။ သေတဲ့နှစ်ယောက်က မျက်မြင်တဲ့ ဟာ ကိုပဲ အတည်ပြုတာပါ ။ အဲဒီထက် များလည်း များနိုင်သလို့ ဒဏ်ရာရရှိတာလည်းရှိနိုင်တယ်” ဟု CDF – Matupi ပြောရေးဆိုခွင့်ရှိသူ နိုင်ဂျွန်ကိမ်း က မဇ္စျိမ ကိုပြောသည်။

ထိုစစ်ကောင်စီတပ် စစ်ကြောင်းသည် တပ်စွဲရာမှ လက်နက်ကြီးဖြင့် တောက်လျောက်ပစ်ခတ်ထွက်ခွာလာခြင်းဖြစ်ပြီး တိုက်ခိုက်ခံရပြီးနောက်  ခရိုင်ရုံးသို့ ပြန်ဆုတ်သွားကြောင်း ၎င်းကဆိုသည်။ 

တိုက်ပွဲများ အချိန်မရွေး ဆက်လက်ဖြစ်ပွားနိုင်သဖြင့် မိဘပြည်သူများအနေဖြင့် မတူပီ - ဟားခါးလမ်းပိုင်းကို သွားလာခြင်း ၊ တောထွက်ခြင်းများမပြုလုပ်ကြရန် CDF – Matupi ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယနေ့နံနက် အောက်တိုဘာလ ၈ရက် အထိ ပြန်ဆုတ်သွားသော စစ်ကောင်စီ တပ်သားများ လှုပ်ရှားမှု မရှိသေးဘဲ ၎င်းတို့ ထွက်လာပါက တိုက်ပွဲများဖြစ်နိုင် ကြောင်း ပြောရေးဆိုခွင့်ရှိ သူ ကဆက်ပြောသည်။
အဆိုပါ မတူပီ - ဟားခါးလမ်းပိုင်းသည် ဩဂုတ်လ အတွင်း အဆက်မပြတ်မိုးရွာ သွန်းမှုကြောင့် ရေကြီး ၊ မြေပြိုမှုများရှိနေ၍ ခရီးသွားလာခြင်း မပြုလုပ်ကြရန် ကာကွယ်ရေးတပ်ဖွဲ့က တားမြစ်ထားသောလမ်းဖြစ်ကြောင်းသိရသည်။
စက်တင်ဘာလ ၄ရက်နေ့ကလည်း မတူပီမြို့ အခြေစိုက် ခလရ (၃၀၄) တပ်စခန်းဂိတ် ကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးဒဏ်ရာရရှိသွားကြောင်း CDF – Matupi က ထုတ်ပြန်ထားသည်။

စာတည်း။    ။ အောင်ကျော်ဖြိုး
#Mizzima
#မတူပီမြို့နယ်
#စစ်ကောင်စီစစ်ကြောင်း
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly