စစ်ကောင်စီထံ အခွန်မဆောင်ရေး ဂျပန်ရောက်မြန်မာများ တိုကျိုရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြ

By ကီရာ (မဇ္ဈိမ)
08 October 2023
စစ်ကောင်စီထံ အခွန်မဆောင်ရေး ဂျပန်ရောက်မြန်မာများ တိုကျိုရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြ

စစ်ကောင်စီထံအခွန်မဆောင်ရေး၊ ပတ်စ်ပို့သက်တမ်းမတိုးရေးလှုပ်ရှားမှုအဖြစ် အောက်တိုဘာ လ ၆ ရက်နေ့ မွန်းလွဲ ၃ နာရီမှ ၅ နာရီအထိ တိုကျိုမြို့ရှိ မြန်မာသံရုံးရှေ့တွင် ဂျပန်ရောက်မြန်မာများ ဆန္ဒ ပြခဲ့ကြကြောင်း သိရသည်။

ပြည်သူမှ ရွေးချယ်တင်မြှောက်ထားသည့် ဒီမိုကရေစီအစိုးရမဟုတ်သည့်အတွက် အခွန်ပေးဆောင်ရန် မလိုကြောင်းကိုလည်း ဆန္ဒထုတ်ဖော်ပွဲတွင်ဦးဆောင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသားအလုပ်သမားသမဂ္ဂ များအဖွဲ့ချုပ်(FWUBC)၏ ဥက္ကဋ္ဌ ဦးမြင့်ဆွေကပြောကြားခဲ့သည်။

“အခွန်ဆောင်တဲ့ ပိုက်ဆံတွေက တိုင်းပြည်ထူထောင်ရေးအတွက်မဟုတ်ဘဲ ပြည်သူလူထုကို အနိုင်ကျင့် နှိပ်စက်သတ်ဖြတ်မယ့်ဘက် ရောက်သွားမှာဖြစ်တဲ့အတွက် ဒါကို လုံးဝလက်ခံလို့မရပါဘူး။ အများပြည် သူ ရွေးချယ်တင်မြှောက်ထားတဲ့ ဒီမိုကရေစီအစိုးရမဟုတ်ဘဲနဲ့ ၂၀၂၀ မှာ ပြည်သူက တင်မြှောက်ထားတဲ့ ဒီမိုကရေစီအစိုးရကို လက်နက်အားကိုးပြီးအကြမ်းဖက်နေတဲ့ အကြမ်းဖက်အုပ်စုကို ဘယ်လိုမှ လက်ခံလို့ မရဘူးဆိုတဲ့ အနေအထားကိုပြရင်းနဲ့လုပ်တာ ဖြစ်ပါတယ်”ဟု ဆိုသည်။

ဆန္ဒထုတ်ဖော်ပွဲတွင် “ စစ်_တွေကို လုံးဝအခွန်မဆောင်ဘူး၊ ပတ်စပိုစ့်သက်တမ်း ခိုးပြီးမတိုးဘူး၊ စစ်အုပ် စုကထုတ်တဲ့ အမိန့်အာဏာတွေ ဆန့်ကျင်ကြ၊ နွေဦးတော်လှန်ရေးက မုချနိုင်မှာငါတို့သိတယ်”ဟူသော အချက်လေးချက်ကို အဓိကထားလှုံ့ဆော်ခဲ့ကြောင်း သိရသည်။

ဂျပန်တွင်လည်း သတ်မှတ်ထားသည့်အခွန်များကို ပေးဆောင်နေရသည့်အတွက် မြန်မာပြည်တွင် ထပ်မံ အခွန်ဆောင်ရပါက အဆင်မပြေနိုင်ကြောင်းနှင့် မြန်မာသံရုံးအနေဖြင့်လည်း မြန်မာလူမျိုးများ အခက်အခဲ တစုံတရာရှိပါက ကူညီဖြေရှင်းပေးမှုမရှိကြောင်း ဆန္ဒပြပွဲတွင်ပါဝင်သူတဦးက ပြောသည်။

“ကျွန်တော်ကတော့ အခွန်မဆောင်ဘူး။ ဒီမှာလည်းဆောင်ရတယ် မြန်မာပြည်မှာလည်း ဆောင်ရမယ်ဆို အဆင်မပြေဘူး။ အရေးကြီးဆုံးက ကျွန်တော်တို့အခက်အခဲဖြစ်ရင် ကိုယ့်ဘာသာကိုယ်ပဲ ဖြေရှင်းရတာ၊ ဒီကသံရုံးကို အားကိုးလို့မှမရတာ။ သူတို့ပြောတဲ့အတိုင်း တရားဝင်ငွေလွှဲလမ်းကြောင်းက လွှဲပေးရမယ် ဆိုရင်တောင် လွှဲပေးလို့ရသေးတယ်။ အခွန်ကတော့ လုံးဝ မဆောင်ချင်ဘူး” ဟု ၎င်းက ပြောသည်။

လတ်တလောတွင် စစ်ကောင်စီသည် ပြည်ပထွက်ခွာမည့်လုပ်သားများ၏ အလုပ်စာချုပ်များတွင် မြန်မာ ပြည်သို့ အခွန်ပေးဆောင်ရန်နှင့် အခွန်ပြန်လည်ပေးဆောင်ခြင်းမရှိပါက သုံးနှစ် ပြည်ပထွက်ခွာခွင့်ပိတ် သိမ်းမည့်အကြောင်းထည့်သွင်းဖော်ပြထားသည်ဟု သိရသည်။

ပြည်ပရောက်လုပ်သားများသည် သက်ဆိုင်ရာနိုင်ငံအလိုက် သတ်မှတ်ထားသည့်အခွန်များကို ပေးဆောင် နေရပြီး မြန်မာပြည်သို့ ဝင်ငွေခွန်ဆက်လက်ပေးဆောင်ရပါက အခွန်နှစ်ထပ်ပေးဆောင်ရမည့် အခြေ အနေကြုံတွေ့နေရခြင်း ဖြစ်သည်။

““ဂျပန်အစိုးရနဲ့ တချိန်တုန်းက မြန်မာအစိုးရတို့ချုပ်ဆိုထားတဲ့ထဲမှာ အလုပ်သင်နဲ့ ကျွမ်းကျင်လုပ်သား နှစ်မျိုးကို နှစ်ထပ်အခွန်မဆောင်ရပါဘူးဆိုတဲ့ အချက်အလက်တွေ ပါပြီးသားပါ။ ကျွမ်းကျင်လုပ်သားဆို တာ ဂျပန်မှာ သောင်း ၅၀ လောက်ရနေတာမှ မဟုတ်တာ။ သူတို့မှာ မရှိမဲ့ရှိမဲ့လေးနဲ့ လာရတယ်။ ရတော့ လည်းနှစ်ပြားတပဲ၊ အဲဒီနှစ်ပြားတပဲကိုမှ သူတို့က ၁၀ ရာခိုင်နှုန်းထပ်ပြီး ကောက်ချင်တယ်ဆိုရင်တော့ ချိုနဲ့သရေပဲ ကျန်တော့မှာပေါ့။ အဲဒါကြောင့် ကျွန်တော်တို့ ကန့်ကွက်တာပါ” ဟု FWUBC ဥက္ကဋ္ဌက ဆိုသည်။

အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ပြည်ပရောက်မြန်မာများအနေဖြင့် ဝင်ငွေခွန် ၁၀ ရာခိုင်နှုန်းပေးဆောင် ရမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

စာတည်း။  ။စောဖေ

#ဂျပန်နိုင်ငံ
#တိုကျိုမြို့
#မြန်မာသံရုံး
#ဝင်ငွေခွန်
#ဆန္ဒပြ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly