မွန်နှင့် ကရင်တွင် ၄ ရက်ဆက်  မိုးများ၍ ရေကြီးရေလျှံလာမည်ကို ဒေသခံများစိုးရိမ် 

By YT (မဇ္ဈိမ)
08 October 2023
မွန်နှင့် ကရင်တွင် ၄ ရက်ဆက်  မိုးများ၍ ရေကြီးရေလျှံလာမည်ကို ဒေသခံများစိုးရိမ် 
ပုံအညွှန်း- ကျိုက်ထိုမြို့နယ် အေးရိပ်ငြိမ်ရပ်ကွက်တွင် ယနေ့ အောက်တိုဘာလ ၈ ရက်နေ့ ရေကြီးရေလျှံနေသည့် မြင်ကွင်း (ဓါတ်ပုံ- ပေးပို့)

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေးရက်ဆက်တိုက် မိုးရွာသွန်းနေ၍ တောင်ကျရေစီးဆင်းမှုများလာပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများထံက သိရသည်။ 

ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက်နေ့မှစ၍ ယနေ့ အောက်တိုဘာလ ၈ ရက်နေ့အထိ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်၊ သထုံမြို့နယ်၊ ပေါင်မြို့နယ်၊ မော်လမြိုင်မြို့နယ်၊ ကျိုက္ခမီမြို့နယ်၊ မုဒုံမြို့နယ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘားအံမြို့နယ်၊ လှိုင်းဘွဲ့မြို့နယ်တို့တွင် မိုးဆက်တိုက် ရွာသွန်းနေခြင်းဖြစ်သည်။ 

မိုးရွာသွန်းမှုများသည်နှင့်အမျှ တောင်ကျရေ စီးဆင်းမှု များလာသဖြင့် ယမန်နေ့ အောက်တိုဘာလ ၇ ရက်နေ့မှစ၍ ကျိုက်ထိုမြို့နယ် အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ဇေယျာမွန်ရပ်ကွက် ကွက်သစ်ပိုင်းနှင့် အေးရိပ်ငြိမ်ရပ်ကွက်တို့တွင် နေအိမ်များအတွင်း ရေဝင်ရောက်နေပြီး လမ်းမပေါ်တွင်လည်း ရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ 

" အေးရိပ်ငြိမ်ရပ်ကွက်မှာ ပြီးခဲ့တဲ့တခေါက်က ရေတက်တုန်းကထက် ရေများတယ်။ ဇေယျာမွန်ဘက်မှာလည်း ရေကြီးနေပြီ ကဒက်ချောင်းရေလျှံတာ။ ကယ်ဆယ်ရေးတော့ လုပ်ပေးနေတယ်ကြားတယ် ဒီဘက်တော့ မရောက်သေးဘူး" ဟု ကျိုက်ထိုမြို့နယ် အေးရိပ်ငြိမ်ရပ်ကွက်နေ ဒေသခံအမျိုးသမီးတဦးက မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးအပတ်နှင့် ဩဂုတ်လ ပထမအပတ်ကလည်း မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် မြို့နယ်အချို့တွင် နေ့စဉ်ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများလာပြီး မြစ်ရေ စိုးရိမ်ရေမှတ်အထက် တိုးလာသဖြင့် ကားလမ်းမပေါ်တွင် ရေလျှံခြင်း၊ လူနေအိမ်များအတွင်း ရေဝင်မှုများ ဖြစ်ပေါ်ခဲ့ခြင်းရှိသည်။ 

ထို့ကြောင့် တောင်ကျရေများစီးဆင်းမှုများလာကာ ရေကြီးရေလျှံမှု ထပ်မံ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြရကြောင်း ဒေသခံများက ဆိုသည်။

" မိုးကတော့ တအားပဲရွာတာ၊ စိတ်ပါကုန်တယ်၊ အခုထိ မတိတ်သေးဘူး။ ရေတော့ မလျှံသေးဘူး။ ဒါပေမဒ့ ဒီလိုပဲ မိုးဆက်ရွာလာရင်တော့ ရေကြီးနိုင်တယ်၊ ရွာသားတွေရဲ့ စပါးတွေ ပျက်စီးမှာ" ဟု ဘီးလင်းမြို့နယ် ဒေသတွင်းသတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။

" ဒီမှာလည်း တော်တော်ကိုရွာတာ နေ့ရောညရော။ လမ်းတွေဆိုတာလည်း ဗွက်တွေထပြီး တော်တော်ပျက်စီးနေပြီ။ ဆိုင်ကယ်တွေဆိုလည်း တဘိုင်းဘိုင်းနဲ့ လဲနေတာ။ တို့တွေတော့ ဘယ်မှ သွားမရဲဘူး။ ထပ်ရွာနိုင်သေးလားဆိုတာတော့ ပြောမတတ်။ အခုထိတော့ ရွာတုန်းပဲ" ဟု ကျိုက်ထိုမြို့နယ်၊ တောင်ပေါ်ဒေသတွင် နေထိုင်သည့် ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။ 

ထို့ပြင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် အခြေခံလူတန်းစားများ၏ နေ့စဉ်ဘဝ လုပ်ကိုင်စားသောက်ရေးတွင်လည်း အခက်အခဲများ ဖြစ်ပေါ်ကြောင်း သိရသည်။

" ဒီလောက်ရွာနေမှတော့ ဘာမှလုပ်လို့မရဘူးလေ" ဟု ကျိုက်ထိုမြို့နယ်၊ တောင်ပေါ်ဒေသတွင် နေထိုင်သည့် ဒေသခံက ဆိုသည်။ 

" မိုးရွာတာက အိမ်မှာပဲ နေလို့ရတဲ့သူတွေအတွက်တော့ ကိစ္စမရှိဘူးပေါ့။ တနေ့လုပ်မှ တနေ့ စားရတဲ့သူတွေကျတော့ ဒုက္ခရောက်တာပေါ့။ မိုးရွာတော့ လူတွေက အပြင်မထွက်နိုင်ကြဘူးလေ။ အဲ့ဒါဆို ဦးလေးတို့လည်း အလုပ်ထိခိုက်တာပေါ့။ အလုပ်မထွက်ဖြစ်တာ နှစ်ရက်ရှိပြီ၊ အိမ်မှာပဲ" ဟု မွန်ပြည်နယ်၊ ကျိုက်ထိုနယ်မှ ဆိုင်ကယ် ကယ်ရီမောင်းသူတဦးကလည်း မဇ္ဈိမကိုပြောသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ အောက်တိုဘာလ ၈ ရက်နေ့ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်တွင် ဒေသအလိုက် နေရာကွက်၍ မိုးကြီးနိုင်ပြီး ကရင်ပြည်နယ်တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း သိရသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန (MOHADM)  ကလည်း အောက်တိုဘာလ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ တစ်ပတ်တာအတွင်း မွန်ပြည်နယ်နှင့်ကရင်ပြည်နယ် အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး ခြောက်ခုတွင် မိုးကြီးခြင်းနှင့်အတူ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း၊ လမ်းတံတား ထိခိုက်ပျက်စီးခြင်းတို့ ဖြစ်ပေါ်နိုင်သဖြင့် သတိပြုသွားလာသင့်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#ရေကြီးလျှံ
#Mizzima
#မွန်ပြည်နယ်
#ကရင်ပြည်နယ်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly