အခြေခံလစာတွင် အပိုထောက်ပံ့ကြေး ကျပ် ၁,၀၀၀ ထပ်မံခံစားခွင့်ပြုကြောင်း စစ်ကောင်စီ အလုပ်သမား ဝန်ကြီးဌာန ထုတ်ပြန်

By ရွှေနွယ် (မဇ္ဈိမ)
08 October 2023
အခြေခံလစာတွင် အပိုထောက်ပံ့ကြေး ကျပ် ၁,၀၀၀ ထပ်မံခံစားခွင့်ပြုကြောင်း စစ်ကောင်စီ အလုပ်သမား ဝန်ကြီးဌာန ထုတ်ပြန်
ပုံအညွှန်း - လှိုင်သာယာစက်မှုဇုန်မှအလုပ်သမားများ (AFP)

နေ့စားအလုပ်သမားများအား အပိုထောက်ပံ့ကြေးငွေ ကျပ် ၁,၀၀၀ ထပ်မံခံစားခွင့်ပြုကြောင်း စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနမှ အောက်တိုဘာလ ၅ ရက် နေ့က ထုတ်ပြန်ကြေညာသည်။

“အနည်းဆုံးအခကြေးငွေနှုန်းထား ပြင်ဆင်သတ်မှတ်ကြေညာခြင်း” ဟူသည့် အဆိုပါ ထုတ်ပြန်ကြေညာ ချက်တွင် “အလုပ်ချိန် တနေ့ရှစ်နာရီအတွက် လက်ရှိသတ်မှတ်ထားသော လုပ်ခ ကျပ် ၄,၈၀၀ အပေါ်တွင် အပိုထောက်ပံ့ကြေး ကျပ် ၁,၀၀၀ ကို ထပ်မံခံစားခွင့်ပြုရန်ဖြစ်သဖြင့် နေ့စားအလုပ်သမားများအား နေ့စဉ့် လုပ်ခ ကျပ် ၅,၈၀၀ တိတိကို ခွင့်ပြုရန်ဖြစ်ပါသည်” ဟု ဖော်ပြထားသည်။

၂၀၁၃ ခုနှစ်က ဆုံးဖြတ်ပြဋ္ဌာန်းခဲ့သည့် အနည်းဆုံးအခကြေးငွေဥပဒေပုဒ်မ ၁၀ ၊ ပုဒ်မခွဲ (ဃ)အား သုံးပွင့် ဆိုင်ကိုယ်စားလှယ်များညှိနှိုင်းဆွေးနွေး၍ ၂၀၁၈ ခုနှစ် မေလ ၁၄ ရက်နေ့တွင် “ မြန်မာနိုင်ငံရှိ အလုပ် သမားများအတွက် နေရာဒေသနှင့်လုပ်ငန်းအမျိုးမစားမခွဲခြားဘဲ တနိုင်ငံလုံးတပြေးညီ တနာရီလျှင် ၆၀၀ ကျပ်နှုန်းဖြင့် အလုပ်ချိန်ရှစ်နာရီ တရက်အတွက် ၄၈၀၀ ကျပ်” ဟု ထုတ်ပြန်သတ်မှတ်ခဲ့သည်။

ယခု ပြင်ဆင်ပြဋ္ဌာန်းသည့် ဥပဒေသည် ၂၀၁၈ ခုနှစ်က နောက်ဆုံးပြဋ္ဌာန်းခဲ့သည့် ဥပဒေအား ငါးနှစ် အကြာ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့တွင် အမိန့်ကြေညာစာထုတ်၍ ပြင်ဆင်ပြဋ္ဌာန်းခြင်းဖြစ် သည်။

“ဘယ်လိုမှအဆင်မပြေတဲ့နှုန်းထားလေနော်။ ၂၀၁၈ ခုနှစ်ကသတ်မှတ်တဲ့ ၄၈၀၀ ကို ငါးနှစ်ပြည့်မှ ၁,၀၀၀ တိုးတယ်ဆိုတော့ တနှစ်ကို ၂၀၀ နီးပါးလို့မြင်တယ်။ တနှစ်နဲ့တနှစ် ကုန်စျေးနှုန်းကတက်နေတာ။ စစ် အာဏာသိမ်းပြီးနောက်မှာ ငါးဆလောက်တက်နေတာ။ သူတို့တိုးပေးတဲ့ ၁၀၀၀ ဆိုတဲ့နှုန်းထားက အလုပ် သမားတွေအတွက် ဘယ်လိုမှဖူလုံတဲ့ လစာမဟုတ်ဘူး” ဟု မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂ များအဖွဲ့ချုပ် (FGWM) ဥက္ကဋ္ဌ ဒေါ်မိုးစန္ဒာမြင့်မှ မဇ္ဈိမကို ပြောသည်။

ထို့ပြင် စစ်ကောင်စီ၏လုပ်ဆောင်ချက်သည် မြေပြင်ပကတိအခြေအနေများနှင့်ကိုက်ညီမှုရှိသည့် လုပ် ဆောင်ချက်မဟုတ်ဘဲ ဟန်ပြလုပ်ဆောင်ချက်သာဖြစ်သည်ဟုလည်း FGWM ဥက္ကဋ္ဌကဆိုသည်။

ပြင်ဆင်သတ်မှတ်သည့်အခြေခံလုပ်ခလစာနှုန်းထားသည် ယခု အောက်တိုဘာ ၁ ရက်နေ့မှစတင်၍ CMP စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ကိုင်လျက်ရှိသော အလုပ်သမားများအပေါ်တွင် သက်ရောက်မှုရှိစေမည်ဖြစ် ကြောင်းလည်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“ကုန်ကြမ်းယူပြီး ကုန်ချောပို့တာ CMP လို့ခေါ်တာပေါ့နော်။ အထည်ချုပ်လုပ်သားတွေပေါ့။ အောက်တို ဘာလကစပြီး အကျုံးဝင်တယ်လို့ ပြောတယ်။ ဒါပေမယ့် အမတို့ရဲ့အဖွဲ့ဝင်တွေတင်ပြလာတဲ့ စက်ရုံတွေ ရဲ့အခြေအနေက အလုပ်ရှင်တွေအနေနဲ့ တိုးပေးဖို့အစီအစဉ်မရှိသေးဘူးလို့ ကြားရတယ်။ စစ်ကောင်စီက တိုးပေးတဲ့ ၁,၀၀၀ ဆိုတာ အလုပ်ရှင်တွေဘက်က ဘာသံမှမထွက်သေးဘူးလို့ အမတို့ရဲ့ အဖွဲ့ဝင်လုပ်သား တွေဆီက ပြန်သိရတယ်” ဟု ဒေါ်မိုးစန္ဒာမြင့်ကပြောသည်။

စစ်ကောင်စီက ပြင်ဆင်သတ်မှတ်သည့် အခြေခံလုပ်ခလစာနှုန်း တရက်အတွက် ၅,၈၀၀ ကျပ်သည် ရက် ၃၀ (တလ) နှုန်းထားအားဖြင့် ၁၇၄,၀၀၀ ကျပ်ရှိသည်။

သို့သော် အားကစားပစ္စည်းစက်ရုံတွင်လုပ်ကိုင်လျက်ရှိသည့် နေ့စားလပေးဝန်ထမ်းတဦးကမူ ၎င်းတို့၏ စက်ရုံတွင် လစာနှုန်းထားတိုးမြှင့်ပေးခြင်းနှင့်ပတ်သက်၍ မည်သည့်သတင်းစကားမျှ မကြားရသေးသကဲ့ သို့ ယခုလုပ်ခလစာနှင့် တိုးမြှင့်ပေးမည့်လုပ်ခလစာနှစ်မျိုးလုံးသည် စားဝတ်နေရေးကြပ်တည်းနေမှုမှ ရုန်း ထွက်နိုင်မည့် လစာနှုန်းထားများမဟုတ်ကြောင်း ပြောသည်။

“အလုပ်သမားခေါင်းဆောင်တွေကတော့ အစိုးရဘက်က ဒီလိုတိုးပေးတယ်လို့ အသိပေးတယ်။ စက်ရုံ ဘက်က တိုးပေးဖို့ စက်ရုံမှူးတွေနဲ့ တိုင်ပင်ရဦးမယ်ပြောတယ်။ တရားဝင်တိုးမပေးသေးပါဘူး။ ဆန် တပြည် ၃,၀၀၀ ကျော်နေတဲ့ခေတ်မှာ ၅,၈၀၀ ကလည်း ဘယ်လိုမှမလောက်ငှပါဘူး” အဆိုပါ ဝန်ထမ်း ကဆိုသည်။

စက်ရုံဝန်ထမ်းများအနေဖြင့် မြင့်တက်နေသည့်ကုန်စျေးနှုန်းနှင့် လုပ်ခလစာကြား ချိန်ညှိသုံးစွဲနေရသည့် အတွက် ယခင်ကဲ့သို့ လောက်ငဖူလုံအောင် မစားနိုင်ကြတော့ကြောင်း မတတ်သာသည့်အတွက်သာ ဆက်လက်လုပ်ကိုင်နေကြရခြင်းဖြစ်ကြောင်းနှင့် နေ့စဉ် လစဉ် အကြပ်အတည်းများနှင့် ရင်ဆိုင်နေကြရ ကြောင်း အဆိုပါ စက်ရုံဝန်ထမ်းမှပြောသည်။

စစ်ကောင်စီက ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်နေ့က Non CDM ဝန်ထမ်းများနှင့် စစ်ကောင်စီတပ်သား များကို စားဝတ်နေရေး သက်သာချောင်ချိရေးအတွက်ဟုဆိုကာ လစဉ်အပိုထောက်ပံ့ကြေး ကျပ် ၃၀,၀၀၀ စီပေးမည်ဟု ထုတ်ပြန်ခဲ့သေးသည်။

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ ထုတ်ပြန်ချက်အရ စစ်အာဏာမသိမ်းမီက အထည် ချုပ်လုပ်ငန်း ၇၀၀ ကျော်နှင့် လုပ်သား ၇၀၀,၀၀၀ ကျော်ရှိခဲ့ရာမှ စစ်အာဏာသိမ်းပြီးနောက် စက်ရုံ ၂၅ ရာနှုန်းရပ်ဆိုင်းသွားပြီး လက်ရှိတွင် စက်ရုံ ၄၈၅ ရုံနှင့် လုပ်သား ၄၅၃,၀၀၀ သာကျန်ရှိကြောင်း သိရသည်။

စာတည်း။  ။စောဖေ

#နေ့စားအလုပ်သမား
#အခြေခံလစာ
#အပိုထောက်ပံ့ကြေး
#ကုန်ဈေးနှုန်း
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly