ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်က အသက်မပြည့်သေးသည့် မြေးနှင့် အဘွားဖြစ်သူကို  သတ်ဖြတ်ပြီး  နေအိမ်များ မီးရှို့ဖျက်ဆီး

By ပါခွီး (မဇ္ဈိမ)
08 October 2023
ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်က အသက်မပြည့်သေးသည့် မြေးနှင့် အဘွားဖြစ်သူကို  သတ်ဖြတ်ပြီး  နေအိမ်များ မီးရှို့ဖျက်ဆီး
ပုံအညွှန်း - သတ်ဖြတ်ခံရသော မြေးအဖွားနှစ်ဦးနှင့် မီးရှို့ခံရသည့် စက္ကန့်ရွာမြင်ရစဥ် ဓါတ်ပုံ - CNDF - CUR

စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ် ၊ စက္ကန့်ကျေးရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က  ဒေသခံ မြေးအဘွားနှစ်ဦးကို သတ်ဖြတ်ပြီး လူနေအိမ်များကို မီးရှို့ခဲ့ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF – UCR) က  ယမန်နေ့ အောက်တိုဘာလ ၇ရက်တွင် ထုတ်ပြန်သည်။

ကလေးမြို့နယ်တောင်ပိုင်း စက္ကန့်ကျေးရွာကို ယမန့်နေ့ နံနက်ပိုင်းက အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်လာ၍ ဒေသခံများ ရှောင်တိမ်းခဲ့သည်။ ထို့နောက်ရွာအတွင်း ခေတ္တပြန်လာသော မြေအဘွားနှစ်ဦးသည် ထိုစစ်ကောင်စီ စစ်ကြောင်း၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။  

သေဆုံးသူများမှာ  အသက်(၆၇နှစ်) နူးငိုက်နှမ် နှင့် အသက် (၁၄နှစ်) ဆလိုင်း ဗန်ဘွေ့လျန် တို့ဖြစ်ကြောင်းသိရသည်။

“ သူတို့နှစ်ယောက် စစ်ဘေးရှောင်တဲ့နေရာကနေ မုန်ညှင်း သွားပြန်ယူဦးမယ်ဆိုပြီး ရွာထဲပြန်သွားကြတာ ။ အဲဒီမှာ ဖမ်းပြီးအသတ်ခံရတာ ။  သူ့သားလေးကို ဖုန်းဆက်တော့ စကစ တယောက်က ကိုင်ပြီး သေသွားကြပြီလို့ ပြန်ပြောတယ် ။  အလောင်းနဲ့ ဆိုင်ကယ်ကို ပါမီးရှို့လိုက်ကြတယ်” ဟု CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ကျွန်ငိုင်း က မဇ္စျိမ ကိုပြောသည်။

ထို့ပြင်  ရွာထဲကျန်ခဲ့သည့် မသန်စွမ်းအမျိုးသားတဦး  အသက်ရှင်၊ မရှင်ကို  သတင်းမရရှိတော့ကြောင်းဆိုသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာချိန် ဒေသခံကာကွယ်ရေးတပ်များနှင့် ထိတွေ့ မှုများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ သေဆုံး ဒဏ်ရာရရှိသူများပြားကြောင်း သိရသည်။

“အထိနာလို့ မီးရှို့တဲ့သဘောပဲဗျ ။ စကစ ဘက်က မိုင်းက နှစ်ကြိမ်လောက်ထိထားတယ် ။ အပြန်အလှန် ပစ်ခတ်မှုမှာလည်း သေဆုံးဒဏ်ရာရတာတွေရှိနေတယ် ။ တိုက်ပွဲက ဆက်ဖြစ်အုန်းမယ့်အခြေအနေရှိနေတယ်” ဟု ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦး က မဇ္စျိမ ကိုပြောသည်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေးတပ်များက စက္ကန့် ဇီးချောင်း တံတားထပ်နှင့် ရွာထဲတွင် မိုင်းထောင်တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်သား သေဆုံးဒဏ်ရာရရှိမှုများပြားကြောင်းဆိုသည်။

ယင်းတိုက်ပွဲကို CNDF ၊ CDF – KKG ၊ ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း(၆) နှင့် တောင်ပိုင်းဒေသခံတပ်ရင်းတပ်ဖွဲ့များပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း CNDF မှ ရဲဘော်တဦး ၄၀မမကျည်ထိမှန်၍  မျက်လုံးကွဲကာ ဒဏ်ရာ ပြင်းထန်ပြီး ကျန်ရဲဘော်တဦး မေးစေ့တွင် မစိုးရိမ်ရဒဏ်ရာရရှိထားကာ CDF – KKG မှ ရဲဘော်တဦး ကျည်ထိ ဒဏ်ရာရရှိထားကြောင်းသိရသည်။

ယမန့်နေ့ နံနက်ပိုင်းမှ ညနေပိုင်းအထိ စက္ကန့်ကျေးရွာမှ လူနေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ပြီး ရွာအတွင်းတပ်စွဲနေထိုင်ခဲ့ကာ ယနေ့နံနက် အောက်တိုဘာလ ၈ရက်တွင် ထပ်မံမီးရှို့နေကြောင်း သိရသည်။

ထို့ကြောင့် ရွာတွင်းရှိ လူနေအိမ် ၈၀ မှ ၁၀၀ အတွင်း ပျက်စီးဆုံးရှုံးနိုင်ကြောင်း ဒေသအတွင်း အရင်းအမြစ်များထံက သိရသော် လည်း ဖြစ်ပွားရာနေရာအနီးတဝိုက်တွင် ဖုန်း ၊အင်တာနက်များ ဖြတ်တောက်ထားသဖြင့် မဇ္စျိမအနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပေး ။

ကလေးမြို့နယ်တောင် ပိုင်းတွင် စစ်ရေးတင်းမာနေပြီး တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်ကြောင်း စစ်ရေးလေ့လာသုံးသပ်သူများထံက သိရှိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ကလေးမြို့
#စစ်ကောင်စီတပ်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly