မန္တလေးတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအစောင့် စစ်ကောင်စီတပ်ကြပ်ကြီး ပစ်သတ်ခံရ

By 007 (မဇ္စျိမ)
08 October 2023
မန္တလေးတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအစောင့် စစ်ကောင်စီတပ်ကြပ်ကြီး ပစ်သတ်ခံရ

မန္တလေးမြို့တွင် အောက်တိုဘာလ ၇ ရက်နေ့ မွန်းလွဲပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအစောင့် စစ်ကောင်စီတပ်ကြပ်ကြီးတဦး ရုံးရှေ့တွင် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများ ထံမှသိရသည်။

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် ၁၉ လမ်း၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြားရှိ အောင်မြေသာစံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ယမန်နေ့ အောက်တိုဘာလ ၇ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ ခြင်း ဖြစ်သည်။

“နေ့လယ် ၁ နာရီကျော်လောက်ကဖြစ်တာ။ အဲဒီစစ်သား ရုံးရှေ့ထွက်အလာကို စောင့်ပစ်သွားတာ။ သေနတ်သံ နှစ်ချက်ကြားလိုက်ရတယ်။ နောက်တော့ လူနာတင်ကားနဲ့ လာသယ်သွားတယ်။ ပွဲချင်းပြီး သေတာလို့ သိရတယ်” ဟု အခင်းဖြစ်ပွားနေရာ၀န်းကျင်တွင် နေထိုင်သူတဦးကပြောသည်။ 

၎င်းတစ်ဦးတည်း ရုံးအပြင်ဘက်ထွက်လာစဉ် ဆိုင်ကယ်စီးလူငယ်အမျိုးသားနှစ်ဦးက ပစ္စတိုဖြင့်ပစ်ခတ် သွားခြင်းဖြစ်ပြီး ဦးခေါင်းနောက်စေ့ဖောက်၀င်ဒဏ်ရာဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း ရပ်ကွက်ရုံးနှင့် နီးစပ်သည့် အမည်မဖော်လိုသူ သတင်းရင်းမြစ်တဦးက ပြောသည်။

“ခေါင်းပွင့်ထွက်ပြီး လဲကျသွားရာကနေ လမ်းနဲ့ခေါင်းနဲ့ဆောင့်မိပြီး On the spot ပဲ ။ နာမည်တို့၊ ကိုယ်ပိုင် အမှတ်တို့၊ ဘယ်တပ်ကတို့ဆိုတာ အပြင်ကိုပေးမသိထားဘူး” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီထောက်ခံသူများ၏ တယ်လီဂရမ်ချန်နယ်များတွင်မူ စိုးရိမ်ရဒဏ်ရာဖြင့် မန္တလေးနန်းတွင်းသို့ သယ်ဆောင်သွားကြောင်း၊ အခင်းဖြစ်နေရာတွင် အမေရိကန်နိုင်ငံထုတ် LUGER အမှတ်တံဆိပ် ၉ မမ ကျည်ဆန်ခွံတခု တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း ဖော်ပြကြသည်။

၎င်းတပ်ကြပ်ကြီးအား ပစ္စတိုဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပစ်ခတ်မှုကြောင့် အခင်းဖြစ်နေရာ တွင် ပွဲချင်းပြီးသေဆုံးသွားသည်ကို တွေ့ရကြောင်း Generation Z Power ပြည်သူ့ကာကွယ်ရေး မြို့ပြ ပြောက်ကျားတပ်ဖွဲ့(မန္တလေး)က အောက်တိုဘာလ ၇ ရက်နေ့ ည ၁၀ နာရီ ၂၀ မိနစ်တွင် သတင်းထုတ် ပြန်သည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ သိရှိနိုင်ရန် ၎င်းအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားသော်လည်း အဆက် အသွယ် မရရှိသေးပေ။

အဆိုပါရပ်ကွက်ရုံးသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ကလည်း ဗုံးပစ်တိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင် စီတပ်ကြပ်ကြီးတဦး ဒဏ်ရာရခဲ့သည်။

တော်လှန်ရေးနှစ်နှစ်တာကာလအတွင်း ပြည်သူ့ခုခံစစ်များကြောင့် စစ်ကောင်စီတပ်သား အနည်းဆုံး ၃၅,၀၀၀ ခန့်သေဆုံးခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေး၀န်ကြီးဌာနမှ ဒုတိယအ တွင်း၀န် ဦးမောင်မောင်ဆွေက ပြောကြားထားသည်။

ပုံစာ - ပစ်သတ်ခံလိုက်ရသည့်စစ်ကောင်စီတပ်ကြပ်ကြီး(Photo-ပေးပို့)

စာတည်း။  ။စောဖေ

#မန္တလေးမြို့
#ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး
#စစ်ကောင်စီတပ်ကြပ်ကြီး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly