ဗီယက်နမ် မဲခေါင်မြစ်ဝှမ်း၌ ၂၀၃၅ မကျော်မီ သဲ ကုန်ခမ်းသွားနိုင် 

ဗီယက်နမ် မဲခေါင်မြစ်ဝှမ်း၌ ၂၀၃၅ မကျော်မီ သဲ ကုန်ခမ်းသွားနိုင် 

သဲတူးဖော်ခြင်းနှင့် ဆည်တည်ဆောက်ခြင်းများက “စပါးကျီ” ဒေသကို ချွတ်ခြုံကျစေကာ လူများ၊ ကောက်ပဲသီးနှံများနှင့် စီးပွားရေးတို့ကို ဘေးသင့်စေလျက် ရှိခြင်းနှင့်အတူ ဗီယက်နမ်၏ မဲခေါင်မြစ်ဝှမ်းသည် ၂၀၃၅ မကျော်လွန်ခင် သဲများ ကုန်ခမ်းသွားလိမ့်ဖွယ်ရှိကြောင်း ဦးဆောင်ပညာရှင်တဦးက သတိပေးသည်။ 

တောင်တရုတ်ပင်လယ်ထဲသို့ မြစ်များ စီးဝင်ရာ ဇီဝမျိုးစုံ ကြွယ်ဝသော မဲခေါင်မြစ်ဝှမ်းသည် ပြည်သူ သန်းပေါင်းများစွာအတွက် အစားအစာနှင့် သက်မွေးဝမ်းကျောင်း ဖန်တီးပေးလျက် ရှိသည်။ 

မဲခေါင်ဒေသ၌ ရေအားလျှပ်စစ်ဆည်များ တည်ဆောက်ခြင်းကြောင့် သဲစီးဆင်းမှုကို လျော့နည်းစေပြီး မြစ်ဝှမ်း တည်တံ့ရေးအတွက် အရေးကြီးသော မြစ်ကြမ်းပြင်အောက် သဲ တည်ရှိမှုနှုန်းကို ကျဆင်းစေသည်။ 

ဗီယက်နမ်၏ ဖွံ့ဖြိုးလျက်ရှိသော တည်ဆောက်ရေး လုပ်ငန်းများအတွက် သဲတူးဖော်ခြင်းများကလည်း အရင်းအမြစ်များကို အလျင်အမြန် လျော့နည်းစေသည်ဟု ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ WWF ၏ ယင်းပြဿနာနှင့် ပတ်သက်သော အစီရင်ခံစာအရ သိရသည်။ 

လက်ရှိ သဲတူးဖော်မှုနှုန်းသည် တနှစ်လျှင် ကုဗမီတာ ၃၅ သန်းမှ ၅၅ သန်းကြား ရှိရာ “မြစ်ကြမ်းပြင်အောက် သဲတည်ရှိမှုက ဆယ်စုနှစ်လောက်သာ တည်ရှိနိုင်တော့မည်” ဟု “ဗီယက်နမ် မဲခေါင်မြစ်ဝှမ်းအတွက် သဲနှင့်ပတ်သက်သော ရှင်းတမ်း” တွင် သတိပေးထားသည်။ 

သဲ ကုန်ခမ်းသွားမည်ဆိုပါက ဆားငန်ရေ ဝင်ရောက်ခြင်းသည် ဒေသ၏ ၁၀ ရာခိုင်နှုန်းအထိ ဖြစ်လာမည်ဟု အစီရင်ခံစာကို ပူးတွဲရေးသားသည့် စီဖာအက်စလာမီက အေအက်ဖ်ပီသို့ ပြောသည်။ ဆားငန်ရေ ဝင်ရောက်ခြင်း ဖြစ်စဉ်သည် ရေချိုမဲခေါင်ဒေသက စပါးစိုက်ခင်းများကို ပျက်စီးမှုများ ဖြစ်ပေါ်စေလျက်လည်း ရှိနေပြီး ဖြစ်သည်။ 

သဲ ကုန်ခမ်းလျော့ပါးခြင်းသည် “အဓိက မြစ်ကမ်းပြိုခြင်းများနှင့် ရေကြီးမှုနှင့် မြစ်ရေတိုက်စားမှုကို ဖြစ်စေမည့် လှိုင်းကြီးခြင်းများ” ကိုလည်း ဖြစ်လာစေမည်ဟု အက်စလာမီက ပြောသည်။ 

ရာသီဥတု ပြောင်းလဲမှု၊ ပင်လယ်ရေ မြင့်တက်သည့် ခြိမ်းခြောက်မှုနှင့် သဲ ကုန်ခမ်းရှားပါးခြင်းတို့က မြစ်ဝှမ်းအတွက် ခြိမ်းခြောက်မှုကြီးတရပ် ဖြစ်ကြောင်း WWF က သတိပေးသည်။ 

မဲခေါင်မြစ်ဝှမ်းသည် ကမ္ဘာတွင် အလျင်မြန်ဆုံး ပြောင်းလဲနေသည့် မြေနိမ့်ပိုင် မြစ်ဝှမ်းဖြစ်ကာ သဲ ကုဗမီတာ သန်း ၅၅၀ ကျော် ရှိနေသည်။ 

ပြီးခဲ့သည့်နှစ်က မြစ်ဝှမ်းသို့ သဲ စီးဝင်မှုသည် ကုဗမီတာ လေးသန်းသာ ရှိရာ ပျမ်းမျှ စီးဝင်မှုနှုန်း ခုနစ်သန်းအောက် အတော်လေး နည်းပါးသွားကြောင်း ယခု သုတေသနက ဖော်ပြထားသည်။ 

တရားမဝင် သဲတူးဖော်မှုများ အများဆုံး ဆောင်ရွက်ရာ ညပိုင်း တူးဖော်မှုများကို မတွက်ချက်နိုင်ခြင်းကြောင့် နှစ်စဉ် သဲတူးဖော်မှု နှုန်းထားသည် ယခု သုတေသနက ဖော်ပြသည်ထက် များစွာ ပိုလွန်နိုင်ကြောင်း သိရသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly