အလုပ်သမား ၁၃ ဦး စွပ်စွဲခံထားရသာအမှုများမှ လွတ်မြောက်

အလုပ်သမား ၁၃ ဦး စွပ်စွဲခံထားရသာအမှုများမှ လွတ်မြောက်

ဧပြီ ၂၁၊ ရန်ကုန် ။            ။ အချိန်တစ်နှစ်ကျော် ပုဒ်မ ၁၈(၂)၊ ပုဒ်မ ၁၄၇ တို့ဖြင့် တရားစွဲဆိုခံထားရသော အလုပ်သမား ၁၃ ဦးအား ယနေ့ ဧပြီလ ၂၁ ရက်နေ့တွင် စွဲဆိုထားသော အမှုများမှ ပလပ်ပေးခဲ့ကြောင်း အလုပ်သမားများက ပြောသည်။

၂၀၁၅ ခုနှစ် မတ်လ ၄ရက်နေ့က ဖြစ်ပွားခဲ့သော အလုပ်သမားများဆန္ဒထုတ်ဖော်ရာမှ သက်ဆိုင်ရာအာဏာပိုင်များ နှင့်ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး တရားစွဲဆိုခံရကာ အမှုရင်ဆိုင်ခဲ့ရသော အလုပ်သမားများအနက်မှ ၅ ဦးမှာ ပြီးခဲ့သော ဧပြီလ ၈ ရက်နေ့နှင့် ၁၇ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်များဖြင့်လွတ်မြောက်လာခဲ့ပြီး၊ ကျန်တရားစွဲဆိုခံထားရသော အလုပ်သမား ၈ ဦးမှာ ဒီကနေ့ လွတ်မြောက်လာခြင်းဖြစ်သည်။

"ပြီးခဲ့တဲ့ နှစ် ၃ လပိုင်းလောက်က ကျွန်တော်တို့တွေ လုပ်ခလစာတိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့ကြတယ်။ အဲဒီမှာ ရဲတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်တယ်။ ပြီးတော့ ကျွန်တော်တို့ ချက်ချင်းတရားစွဲဆို ခံရတယ်ပေါ့။ အခုထိ တရားရင်ဆိုင်ရင်းနဲ့မှ ဒီနေ့မှ လွှတ်တာပါ။" ဟု အမှုမှလွတ်မြောက်လာသော အလုပ်သမားတစ်ဦးဖြစ်သည့် ကိုပြည့်ဖြိုးအောင်က မဇ္ဈိမကို ပြောသည်။

တရားစွဲဆိုခံထားရသော အလုပ်သမားများသည် အင်းစိန်အကျဉ်းထောင်တွင် ၁ လခွဲကြာနေခဲ့ရပြီး အာမခံဖြင့် ပြန်လည်လွတ်မြောက်လာသော်လည်း တရားရုံးချိန်းများသွားရောက်နေရခြင်းကြောင့် အလုပ်အသစ်မရှာနိုင်ဘဲ အမှုပြီးပြတ်ဖို့အရေး ဆောင်ရွက်နေရခြင်းကြောင့် စားဝတ်နေရေးအခက်အခဲများလည်း ရှိနေကြောင်း အလုပ်သမားများက ပြောသည်။

"ကျွန်တော်တို့ကို ဧပြီလ ၇ ရက်နေ့က နောက်ဆုံးရုံးချိန်းပေါ့နော်။ နောက်နေ့ ဧပြီလ ၈ ရက်နေ့ကျတော့ နိုင်ကျဉ်းတွေလွှတ်တယ်။ အဲဒီမှာ အင်းစိန်အကျဉ်းထောင်ကနေ ကျွန်တော်တို့အလုပ်သမား ရဲဘော်တွေနဲ့ နိုင်င့ရေးတက်ကြွလှုပ်ရှားသူတွေပါတယ်။ အဲဒီနေ့မှာပဲ ကျွန်တော်တို့ အလုပ်သမားတွေကိုလည်း အမှုပြီးသွားပြီလို့ပြောပေမယ့်  တရားသူကြီးက တရားဝင်ထုတ်ပြန်ချက်မပေးခဲ့လို့ ဒီနေ့မှာ ရုံးချိန်းထပ်လာရတာပါ။ အဲဒီအတွက် အလုပ်သမားတွေက လာရတာ အရမ်းခက်ခဲတယ်ဗျ။ တစ်ယောက်မှ အလုပ်လည်း မလုပ်ရသေးဘူး။ အလုပ်သစ်လုပ်ရင် အခုလို ရုံးချိန်းတွေ ခဏခဏလာနေရတော့ ခွင့်ကိစ္စ အဆင်မပြေမှာစိုးလို့။ အဲဒီတော့ အဆင်မပြေမှုတွေက အများကြီးပဲ။ " ဟု အလုပ်သမား ကိုမိုးဟိန်းက ပြောသည်။

အလုပ်သမားများအနေဖြင့် တောင်းဆိုနေသော အလုပ်သမားများ၏ရပိုင်ခွင့်အခွင့်အရေးများကို ရရှိအောင် ဆက်လက်တောင်းဆိုသွားမှာဖြစ်ပြီး၊ အစိုးရသစ်အနေဖြင့် အလုပ်သမားအရေးကို ဆောင်ရွက်ပေးစေချင်ကြောင်းလည်း အလုပ်သမားများက ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly