နွားထိုးကြီးတွင် ကြံ့ခိုင်ရေးပါတီ၀င် ၄ ဦး အသတ်ခံရ

By 007 (မဇ္ဈိမ)
03 October 2023
နွားထိုးကြီးတွင် ကြံ့ခိုင်ရေးပါတီ၀င် ၄ ဦး အသတ်ခံရ
ပုံစာ- နွားထိုးကြီးမြို့အ၀င်ဆိုင်းဘုတ် (Photo- CJ)

နွားထိုးကြီးမြို့နယ်၊  ဆူးရစ်ကုန်းကျေးရွာတွင် ယမန်နေ့ နေ့လယ်ပိုင်းက ကြံ့ခိုင်ရေးပါတီ၀င်လေးဦး သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများထံက သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၂ ရက် နေ့လယ် ၁ နာရီခွဲအချိန်ခန့်က ဆူးရစ်ကုန်းကျေးရွာသို့ ဆိုင်ကယ် ၁၀စီးဖြင့်ရောက်လာသည့်  လူ ၂၀ ခန့်က ၎င်းတို့လေးဦး၏ နေအိမ်အသီးသီးတွင် ၀င်ရောက်ပစ်ခတ် သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

“တိုင်းပြည်ကိုချောက်ထဲတွန်းချခဲ့တဲ့ကောင်တွေ မြေလေးတယ်ဆိုပြီး၊ အော်အော်ပြီး သေနတ်နဲ့ပစ်သတ်သွားကြတာ။ တစ်ယောက်ကို ဒဏ်ရာလေးချက်လောက်စီနဲ့ နေရာမှာတင်ပွဲချင်းပြီးပဲ။ အလောင်းတွေကိုတော့ ဦးရွှေကျီး ၀င်းထဲပစ်သွားတယ်။  ဦးရွှေကျီးကအုပ်ကြီးဟောင်းပါ” ဟု ဖြစ်စဉ်သိရှိသည့် အမည်မဖော်လိုသူ ဒေသခံကပြောသည်။

သေဆုံးသူများမှာ ထိုကျေးရွာနေ  ဦးရွှေကျီး(အသက် ၅၀ နှစ်)၊ ဦးမောင်တင်(အသက် ၆၇ နှစ်)၊ ဦးတင်ရွှေ(အသက် ၅၈ နှစ်)နှင့် ကိုကျော်မျိုးအောင်(အသက် ၃၄ နှစ်)တို့ဖြစ်ပြီး ၎င်းတို့မှာ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီဝင်) ဖြစ်ကြောင်း ပါတီအသိုက်အဝန်းကလည်း အတည်ပြုသည်။

“ကျွန်တော်တို့ပြည်ခိုင်ဖြိုးပါတီ၀င်(ကြံ့ခိုင်ရေးပါတီ)တွေကို တပ်မတော်(မူရင်းအတိုင်း)အရန်အင်အားအတွက် ဆိုပြီး တူညီ၀တ်စုံတွေပေးပြီး စစ်သင်တန်း လက်နက်ငယ်သင်တန်း တက်ခိုင်းခဲ့တာတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေလည်းဖြစ်တယ်။ အခု ပါတီ၀င်တွေအသတ်ခံရတဲ့ကိစ္စ သူတို့ဘာလုပ်ပေးကြမလဲ” ဟု အမည်မ ဖော်လိုသူပါတီ၀င်တဦးကပြောသည်။

နွားထိုးကြီးမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်ကလည်း   ဖလံကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး  ကြံ့ခိုင်ရေးပါတီရပ်/ကျေး ဥက္ကဋ္ဌ ဦးမောင်ဌေးဆိုသူ နေအိမ်အတွင်း သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသေးသည်။

ထို့အပြင် သြဂုတ်လ ၁၁ ရက်ကလည်း  ကြောင်နံကျေးရွာမှ ကြံ့ခိုင်ရေးပါတီ၀င်လေးဦး ပစ်သတ်ခံခဲ့ရသေးသည်။ ထိုဖြစ်စဥ်များနှင့် ပတ်သက်၍ မည်သည့်အဖွဲ့အစည်းလက်ချက်ဖြစ်ကြောင်း မသိရသေးဘဲ စစ်ကောင်စီသတင်းများတွင် PDF လက်ချက်ဟု ဖော်ပြထားသည်။ 

မန္တလေးတိုင်း မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ နွားထိုးကြီးနှင့် တောင်သာမြို့နယ်တို့သည် ကြံ့ခိုင်ရေးပါတီ အင်အားကောင်းခဲ့သည့်မြို့နယ်များဖြစ်ကြပြီး စစ်ကောင်စီတပ်အာဏာသိမ်းခံရပြီးနောက် NLD ပါတီ၀င် အများအပြား သတ်ဖြတ်ခံထားရသည်။ ထို့အတူ ဒေသတွင်းပြည်တွင်းကာကွယ်ရေးတပ်ဖွဲ့များ ပေါ်ပေါက်လာပြီး ကြံခိုင်ရေးပါတီဝင်များလည်း မကြာခဏ ပစ်ခတ်ရှင်းလင်းခံနေရသည်။ 

ပြီးခဲ့သည့်စက်တင်ဘာလ ၃၀ ရက်ကလည်း နွားထိုးကြီးမြို့မရဲစခန်း ဗုံးသီးနှစ်လုံးဖြင့် တိုက်ခိုက်ခံခဲ့ရပြီး  ရဲတပ်ဖွဲ့၀င်နှစ်ဦးသေဆုံးခဲ့သေးသည်။  

ထိုတိုက်ခိုက်မှုကိုတော့၊ Natogyi People Defence Force မြင်းခြံခရိုင်အမှတ်(၄)တပ်ရင်းနှင့် Natogyi Regional Defence Force မြင်းခြံခရိုင်အမှတ်(၈)တပ်ရင်း တို့ကလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ် ပြန်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly