စစ်ကောင်စီဒေါက်တိုင် အကိုင်းအခက်သာမက ရေသောက်မြစ်ကိုပါ လှန်ပြလိုက်တဲ့ မြို့ပြပြောက်ကျားတွေ | သတင်းသုံးသပ်ချက်

စစ်ကောင်စီဒေါက်တိုင် အကိုင်းအခက်သာမက ရေသောက်မြစ်ကိုပါ လှန်ပြလိုက်တဲ့ မြို့ပြပြောက်ကျားတွေ | သတင်းသုံးသပ်ချက်
ပုံအညွှန်း- လူမှုကွန်ယက်

နွေဦးတော်လှန်ရေးမှာ ပေါ်ထွက်ခဲ့တဲ့ စကားလုံးတွေထဲက တစ်ခုကတော့ မြို့ပြပြောက်ကျားဆိုတဲ့ စကားလုံးပဲ ဖြစ်ပါတယ်။ 

နွေဦးတော်လှန်ရေး တစ်နှစ်ကျော်အကြာ ၂၀၂၂ ခုနှစ်ကုန်ပိုင်းမှာတော့ တောတောင်တွေမှာ ခုခံတော်လှန်နေတဲ့ PDF တွေ အားပိုကောင်းလာသလို မြို့ပြပြောက်ကျားဆိုတဲ့ စကားလုံးလည်း ပြည်သူတွေအကြားမှာ ရေပန်းစားလာ ပါတယ်။ 

တောတောင်တွေထဲမှာ စစ်ကောင်စီ တပ်တွေကို တိုက်နေသလို မြို့ကြီးတွေမှာရှိတဲ့ စစ်ကောင်စီ ဒေါက်တိုင် ရုံးတွေ၊ လူတွေကို ခက်ခက်ခဲခဲ တိုက်ခိုက်နေကြသူတွေဟာ မြို့ပြပြောက်ကျားတွေပါပဲ။ 

၂၀၂၃ နှစ်ကုန်ပိုင်းကို ရောက်လာချိန်မှာတော့ မြို့ပြပြောက်ကျားတွေဟာ ပိုပြီး စနစ်ကျလာပြီး စစ်ကောင်စီရဲ့ လက်တံ အကိုင်းအခက်တွေသာ မကဘဲ၊ အဓိကကျတဲ့ ဒေါက်တိုင်ရေသောက်မြစ်တွေကိုပါ ရှင်းလင်းနိုင် လာတာ တွေ့မြင်ရပါတယ်။ 

အထင်ရှားဆုံး သာဓကကတော့ အောက်တိုဘာ ၂ ရက်နေ့ညက စစ်ကောင်စီဒေါက်တိုင် လက်နက်ပွဲစား ဉာဏ်လွင်အောင် ဆိုသူကို ရန်ကုန်မြို့လယ်မှာ ရှင်းလင်းလိုက်နိုင်တာပဲ ဖြစ်ပါတယ်။ 

စစ်တပ်နဲ့ ပူးပေါင်းတဲ့ စီးပွားရေးသမား၊ လက်နက်ပွဲစား ဉာဏ်လွင်အောင်ဟာ စစ်တပ်ကို ထောက်ခံကြောင်း လူမှုကွန်ရက် စာမျက်နှာတွေကတစ်ဆင့် ထုတ်ဖော်ပြောဆိုလေ့ ရှိပြီး အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ မြေး အေးနေဝင်းနဲ့လည်း ထဲထဲဝင်ဝင် ပတ်သက်သူဖြစ်ပါတယ်။ 

စစ်တပ်အသိုင်းအဝိုင်းမှာ ကိုဉာဏ်ဆိုပြီး လူသိများတဲ့ ဉာဏ်လွင်အောင်ဟာ ကာကွယ်ရေးဝန်ကြီးဌာနအတွက် နာမည်ခံပြီး လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ယူပေးနေတာ၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ပြည်သူတွေကို ဖိနှိပ်ဖို့အတွက် မျက်နှာမှတ်တဲ့ စနစ်ပါဝင်တဲ့ CCTV တွေ တင်သွင်းပေးနေတာတွေ လုပ်နေတယ်လို့ ဉာဏ်လွင်အောင်ကို ရှင်းလင်းခဲ့တဲ့ Urban Owls မြို့ပြပျောက်ကျား တပ်ဖွဲ့က စုံစမ်း ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဉာဏ်လွင်အောင်ကို လသာမြို့နယ်ထဲက ဖက်တီးမ ထမင်းကြော်ဆိုင်မှာ ထမင်းကြော်စားနေချိန် Urban Owls က သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးသွားတာပါ။ Urban Owls အဖွဲ့ကတော့ ဘေးကင်းစွာ ဆုတ်ခွာနိုင် ခဲ့တယ်လို့ သိရပါတယ်။ 

ဉာဏ်လွင်အောင်ဟာ နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာနရုံး အမှတ် ၂၄၊ ပြည်ထဲရေးဝန်ကြီးဌာနရုံး အမှတ် ၄၉ နဲ့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးတို့ကို အတားအဆီးမရှိ ဝင်ထွက်သွားလာခွင့် ရှိသူလည်း ဖြစ်ပါတယ်။ 

သေဆုံးသူ ဉာဏ်လွင်အောင်ဟာ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီကို အပြည့်အဝ ထောက်ခံတဲ့အပြင် ရုရှားကို မြန်မာစစ်တပ် ကိုယ်စားလှယ်တွေနဲ့အတူ ခရီးသွားခွင့်ရပြီး ရုရှားကာကွယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးနဲ့ပါ ရင်းနှီးသူဖြစ်ပါတယ်။ 

လူမှုကွန်ရက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ဆဲဆိုလေ့ရှိတဲ့ ဉာဏ်လွင်အောင်ဟာ သူ့ရဲ့ ဝန်ထမ်းတွေကို စစ်တပ်ရဲ့ အဓိဋ္ဌာန် ၄ ချက် ရွတ်ဆိုခိုင်းလေ့ ရှိတယ်လို့ Urban Owls မြို့ပြပြောက်ကျား တပ်ဖွဲ့က စုံစမ်းဖော်ထုတ်ထားပါတယ်။ 

Urban Owls မြို့ပြပြောက်ကျား တပ်ဖွဲ့က စုံစမ်းဖော်ထုတ်ချက်တွေ အရ ဉာဏ်လွင်အောင်ဟာ မြန်မာနိုင်ငံ အပြင် ထိုင်း၊ တရုတ်၊ ရုရှားနဲ့ ယူအေအီး နိုင်ငံတွေမှာ North Gate Engineering and Technology နာမည်နဲ့ လုပ်ငန်းခွဲတွေ ဖွင့်လှစ်ထားပြီး ငွေကြေးခဝါချမှု ချောမွေ့စေဖို့အတွက် Well and Fair ဆိုတဲ့ ပြည်ပ ခရီးသွား ကုမ္ပဏီတစ်ခုကိုလည်း ထူထောင် ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ 

ဉာဏ်လွင်အောင်ဟာ အနေအထိုင် သိုသိပ်တဲ့အတွက် နာမည်မထွက်ဘဲ လွတ်နေတာဖြစ်ပြီး Urban Owls က ကာလကြာရှည် စုံးစမ်းပြီး ဖော်ထုတ်ရှင်းလင်းခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

စစ်တပ်နဲ့ပေါင်း၊ ပြည်သူကိုဖိနင်း စီးပွားရှာမယ့် ခရိုနီလက်သစ်တွေအတွက် ဉာဏ်လွင်အောင်ဟာ ပထမဆုံး သင်ခန်းစာဖြစ်ပြီး ပေးချင်တဲ့ သတင်းစကားက စစ်ကောင်စီနဲ့ အပြည့်အဝပူးပေါင်းလို့ ဘာကောင်းကျိုးမှ မရှိနိုင်ဘူး၊ စစ်တပ်နဲ့ ပူးပေါင်းတဲ့ လုပ်ငန်းရှင်တွေကို စာရင်းပြုစုထားပြီး အခွင့်အခါ သင့်တာနဲ့ ဆက်လက် အရေးယူသွားမယ်လို့ Urban Owls မြို့ပြပြောက်ကျား တပ်ဖွဲ့ဝင် တစ်ဦးက ဆိုပါတယ်။ 

ဉာဏ်လွင်အောင်ရဲ့ သတင်းကြားရတဲ့ ပြည်သူတွေဟာ ဝမ်းသာအားရ ဖြစ်နေကြပြီး မြို့ပြပြောက်ကျား တွေကို ချီးကျူးစကားတွေ ဆိုတာ တွေ့ရပါတယ်။ 

စစ်ကောင်စီရဲ့ ဒေါက်တိုင် ရဲစခန်းလိုမျိုး၊ ထွေအုပ်ရုံးလို၊ အခွန်ရုံးလို၊ လဝက ရုံးလိုမျိုး တခြားတခြားသော မြို့ပြပြောက်ကျား တိုက်ခိုက်မှုတွေလည်း ဆက်တိုက် ရှိနေတာတွေ့ရပေမယ့် ဉာဏ်လွင်အောင်လို စစ်ကောင်စီ ဒေါက်တိုင် အကြီးစားကြီးကို ပစ်ခတ်နှိမ်နင်းနိုင်လိုက်တာကတော့ မြို့ပြပြောက်ကျား တွေအတွက် ကြီးမားတဲ့ အောင်မြင်မှု ဖြစ်သလို မြို့ပြပြောက်ကျားတွေရဲ့ နောက်ထပ် ပစ်မှတ်အသစ်တွေ ခပ်စိတ်စိတ် မြင်လာရတော့မယ့် ရှေ့ပြေး တစ်ခု ဖြစ်နိုင်ကြောင်း ဖော်ပြလိုက်ပါတယ်။ 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly