စစ်ခေါင်းဆောင်နှင့် ဥက္ကဋ္ဌဟောင်းတို့ တွေ့ဆုံမှု တော်လှန်ရေးမဟာမိတ်များအကြား နားလည်မှုလွဲအောင် လုပ်ခြင်းဟု KNU တုံ့ပြန်

စစ်ခေါင်းဆောင်နှင့် ဥက္ကဋ္ဌဟောင်းတို့ တွေ့ဆုံမှု တော်လှန်ရေးမဟာမိတ်များအကြား နားလည်မှုလွဲအောင် လုပ်ခြင်းဟု KNU တုံ့ပြန်

ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သော ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး နှင့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံမှုသည် အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးအတွက် တိုက်ပွဲဝင်နေသည့် မဟာမိတ် အင်အားစုများအကြား နားလည်မှုလွဲအောင်လုပ်သည့် စစ်တပ်၏ လုပ်ရပ်သာဖြစ်ကြောင်း KNU က တုံ့ပြန်လိုက်သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ယနေ့အောက်တိုဘာလ ၂ ရက်နေ့တွင် တရားဝင် ထုတ်ပြန်ပြီး တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့်အတူ KNU – CEC ဟောင်း ပဒိုစောရောဂျာခင်၊ KNU တပ်မဟာ (၆) ဥက္ကဋ္ဌဟောင်း ပဒိုစောရွှေမောင်းတို့သည် အာဏာသိမ်း စစ်ခေါင်းဆောင်နှင့် နေပြည်တော်တွင် စက်တင်ဘာလ ၃၀ ရက်နေ့က တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

“အဆိုပါ တွေ့ဆုံမှုသည် KNU နှင့် ပတ်သက်ခြင်း လုံးဝ (လုံးဝ) မရှိပါ” ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ထားသည်။

ထို့ပြင် ယခုတွေ့ဆုံမှုသည် အာဏာသိမ်းစစ်ကောင်စီက KNU အဖွဲ့အစည်းအတွင်း ရှုပ်ထွေးမှုဖြစ်အောင် ပြုလုပ်သည့် လုပ်ရပ်ဖြစ်ကြောင်းလည်း KNU က ပြောသည်။

အာဏာသိမ်း စစ်တပ်သည် နိုင်ငံရေးအရ တရားဝင်သည့် စစ်တပ် မဟုတ်သည့်အတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် လုံးဝမရှိကြောင်း (၁၇) ကြိမ်မြောက် KNU ကွန်ဂရက်အပြီး ယခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့က ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် KNU တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အာဏာသိမ်း စစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သော KNU ‌ခေါင်းဆောင်ဟောင်းများသည် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လိုလားသူများဟု ကရင်နိုင်ငံရေး အသိုင်းအဝိုင်းများအကြား ရေပန်းစားသည်။

စစ်ကောင်စီက (၈) နှစ်ပြည့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) နှစ်ပတ်လည်နေ့အခမ်းအနားကို အောက်တိုဘာ ၁၅ ရက်နေ့တွင် ကျင်းပရန် ပြင်ဆင်နေစဉ် ၎င်းတို့ တွေ့ဆုံမှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) အနေဖြင့် နိုင်ငံရေး ရည်မှန်းချက် အောင်မြင်ရန်အတွက် တော်လှန်ရေးအင်အားစုများနှင့်အတူ မားမားမတ်မတ် ရပ်တည်ကာ တစိုက်မတ်မတ် တိုက်ပွဲဝင်ဝင်သွားမည်ဖြစ်ကြောင်းလည်း KNU ဗဟိုက ပြောဆိုသည်။

စာတည်း။   ။ နောင်နောင်

#KNU
#ဥက္ကဋ္ဌဟောင်း
#မသက်ဆိုင်
#Mizzima
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly