အုတ်ဖိုမြို့နယ်တွင် ကြယ်နီကုန်းရွာ ရာအိမ်မှူး ပစ်ခတ်ခံရ၍ သေဆုံး

By ရွှေနွယ် (မဇ္ဈိမ)
02 October 2023
အုတ်ဖိုမြို့နယ်တွင် ကြယ်နီကုန်းရွာ ရာအိမ်မှူး ပစ်ခတ်ခံရ၍ သေဆုံး

ပဲခူးတိုင်း ၊ သာယာဝတီခရိုင် ၊ အုတ်ဖိုမြို့နယ် ထန်းပင်ကုန်းကျေးရွာအုပ်စု ကြယ်နီးကုန်းရွာ၏ ရာအိမ်မှူး ဦးအောင်ဝင်းလေးအား ယနေ့ အောက်တိုဘာ ၂ ရက်နေ့ နံနက် ၅ နာရီခန့်က သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့က  ပစ်ခတ်ရာ နေရာတွင်ပင်သေဆုံးကြောင်း သိရသည်။

ပစ်ခတ်ခံရသူ ဦးအောင်ဝင်းလေးသည် အုတ်ဖိုမြို့၊ တိမ်မြုပ်ရွာအခြေစိုက် ခမရ (၆)သို့ သွားရန် ရွာမှ စက်ဘီးဖြင့် ထွက်လာစဉ် သတင်းကြိုတင်ရရှိသောကြောင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု PDF တပ်ရင်း (၃၈၀၂) ၏ ပြန်ကြားရေးတာဝန်ခံက  မဇ္ဈိမကိုပြောသည်။

ဦးအောင်ဝင်းလေးအား ပစ်ခတ်ပြီးနောက် ၎င်းထံမှ စစ်ကောင်စီတပ်နှင့် အဆက်အသွယ်ပြုလုပ်ထားသည့် မိုလ်ဘိုင်းဖုန်းတလုံး၊ မှတ်စုစာအုပ်တအုပ်၊ ငွေသား ၃၁,၁၅၀ကျပ်၊ ၄င်းအမည်ပါ မှတ်ပုံတင်နှင့် COVID 19 ကင်းရှင်းကြောင်း ထောက်ခံချက် ကတ်ပြားတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့အနေနဲ့ သူ့ကို စောင့်ကြည့်နေတာ ၁၀ ရက်လောက်ရှိပါတယ်။ ဒီဆယ်ရက်မတိုင်ခင်အရှေ့မှာ အကြိမ်ကြိမ်သတိပေးခဲ့ပါတယ်။ ဖုန်းဆက်ပြီးတော့လည်းပြောတယ်။ စစ်ကောင်စီနဲ့ပူးပေါင်းပြီး ပြည်သူအပေါ်ဒုက္ခပေးတဲ့လုပ်ရပ်တွေဆက်မလုပ်ဖို့ကို။ တားမရလို့ အခုလိုလုပ်ဆောင်ရတာပါ" ဟု PDF တပ်ရင်း (၃၈၀၂) ၏ ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကိုပြောသည်။

ထို့ပြင် သေဆုံးသူ ရာအိမ်မှူး ဦးအောင်ဝင်းလေးသည် ကျေးရွာအတွင်း လူငယ်များအားခမရ (၆) တွင်စစ်သင်တန်းတက်ရောက်၍ ပျူစောထီးအဖြစ်လုပ်ဆောင်ရန် စည်းရုံးနေသူဖြစ်သည်ဟုလည်း ၎င်းမှဆိုသည်။

 တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ သတင်းအချက်အလက်များအားထောက်လှမ်း၍ စစ်ကောင်စီထံသတင်းပေးပို့ခြင်း၊ ရပ်ရွာအတွင်း ပြည်သူများအား အနိုင်ကျင့်ဗိုလ်ကျခြင်းများပြုလုပ်နေသူဟုလည်း PDF က ဆိုသည်။

အုတ်ဖိုမြို့နယ်အတွင်း ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက်နေ့ကလည်း ထန်းပင်ကုန်းကျေးရွာ ဗျူဟာလမ်းဘေးတွင် Non CDM ဝန်ထမ်း တောခေါင်းဦးအုန်းလှိုင်အား ပဲခူးရိုးမအတွင်းမှ သက်နုကျွန်းပင်များအား မထိန်းသိမ်းသည့်အပြင် စစ်ကောင်စီနှင်ပူးပေါင်း၍ ခုတ်လှဲငွေရှာဖွေနေခြင်း၊ သစ်တောဌာနမှ CDM သစ်တောဝန်ထမ်းများအား စစ်ကောင်စီထံသတင်းပေး၍ ဖမ်းဆီးခိုင်းစေခြင်းများ ပြုလုပ်နေသောကြောင့်ဟုဆိုကာ မြေအောက်ပြောက်ကျားတပ်ဖွဲ့မှ ပစ်ခတ်ရာ သေဆုံးခဲ့သေးသည်။

သာယာဝတီခရိုင်အတွင်း ယခု ၂၀၂၃ ခုနှစ်တွင် အုပ်ချုပ်ရေးမှူးနုတ်ထွက်ခြင်း အများအပြားရှိနေသည်။ထို့အနက် အုတ်ဖိုမြို့နယ်တွင် ဩဂုတ်လမှ စက်တင်ဘာလအထိ သုံးလအတွင်း နုတ်ထွက်သူ အုပ်ချုပ်ရေးမှူး ၃၀ ခန့်နှင့် အများဆုံးဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ၏ ပြောဆိုချက်အရသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#အုတ်ဖိုမြို့နယ်
# ရာအိမ်မှူး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly