မင်းတပ်တွင် စက်တင်ဘာလ အတွင်း စစ်ကောင်စီတပ်က  ကလေးများ အပါအဝင် ဒေသခံ ၆၀ ကို ဖမ်းဆီး

By ပါခွီး (မဇ္ဈိမ)
02 October 2023
မင်းတပ်တွင် စက်တင်ဘာလ အတွင်း စစ်ကောင်စီတပ်က  ကလေးများ အပါအဝင် ဒေသခံ ၆၀ ကို ဖမ်းဆီး

 ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်၌ စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်က မူလတန်း ကျောင်းသားများ အပါအဝင်  ဒေသခံ ဦးရေ ၆၀ ကို ဖမ်းဆီးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) CDF – Mindat က  အောက်တိုဘာလ ၁ရက်နေ့တွင်ထုတ်ပြန်သည်။

စစ်ကောင်စီတပ်က စက်တင်ဘာလ ၁၁ ရက် မှ ၂၆ ရက် အထိ ခြောက်ကြိမ်အတွင်း မြို့ပေါ် လေးရပ် ကွက်နှင့် ဒန့်ဒီးရွာမှ ဒေသခံများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။  ဒန့်ဒီးရွာ မူလတန်းကျောင်းမှ ကလေးများ အပါအဝင် ၃၈ ဦး နှင့် မြို့ပေါ်ရပ်ကွက်များမှ အဖမ်းခံရသူ ၂၂ဦး စုစုပေါင်း ၅၀ဦးပြန်လည် လွတ် မြောက်ခဲ့ပြီး ၁၀ဦးမှာ ယနေ့တိုင်ချုပ်နှောင်ခံရဆဲဖြစ်သိရသည်။

“မြို့တွင်းမှာ နေတဲ့သူတွေကတော့ ထိတွေ့မှုဖြစ်တိုင်း မသင်္ကာရင်ဖမ်းတယ်ဗျ ။ ဒန့်ဒီး ရွာမှာတော့ ရွာကိုဝင်ပြီး အကြောင်းပြချက် ဘာမှမရှိဘဲ နဲ့ စာသင်နေတဲ့ ကလေးတွေပါ ဒီအတိုင်းဖမ်းတာပါ” ဟု CDF–Mindat သတင်းပြန်ကြားရေးနှင့် မှတ်တမ်းတင်ဌာနမှူး ဇလပ်သွေးက မဇ္စျိမကို ပြောသည်။

ဖမ်းဆီးခံထားရဆဲ သူများကို ဖမ်းဆီးထားသည့် နေရာနှင့် ဖမ်းဆီးခံရသည့်အကြောင်းအရင်းကို မသိရသေးကြောင်း ၎င်းကဆိုသည်။ 

ထို့အပြင် မင်းတပ်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ထိတွေ့မှု ငါးကြိမ်အတွင်း  စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရ၍ CDF – Mindat က ရဲဘော်တဦး ကျဆုံးကာတစ်ဦးဒဏ်ရာရရှိခဲ့ပြီး ဒေသခံနှစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မြို့တွင်းတိုက်ပွဲတွေကတော့ ပြည်သူတွေထိခိုက်မှာ စိုးရိမ်ရတဲ့အတွက် စိတ်တိုင်းကျ တိုက်ပွဲမဖော်ဆောင်နိုင်တဲ့ အခြေအနေတွေရှိခဲ့ပါတယ်” ဟု ဇလပ်သွေးက ဆက်ပြောသည်။စက်တင်ဘာ၉ရက်မှ ၂၉ရက်အတွင်းဖြစ်ပွားခဲ့သော မြို့ပေါ်တိုက်ပွဲများတွင် ထို ထိခိုက် သေဆုံးမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် ဒေသခံနှစ်ဦးဒဏ်ရာ ရရှိသွားခြင်းဖြစ်ကြောင်းသိရသည်။

၎င်းအပြင် CDF – Mindat က မကွေးတိုင်း ၊ ကျောဒေသတွင် ဒေသခံကာကွယ်ရေးတပ်များနှင့် ပူးပေါင်း၍ စစ်ကောင်စီတပ်ကိုတိုက်ခိုက်ခဲ့ရာ လက်နက်များ သိမ်းဆည်း ရရှိခဲပြီး မင်းတပ်မြို့အခြေစိုက် ခလရ (၂၇၄) ကို လက်နက်ကြီးဖြင့်ပစ်ခဲ့ကြောင်း သိရသည်။

မင်းတပ်မြို့တွင် လျှပ်စစ်မီးနှင့် ရေပြတ်တောက်နေသည်မှာ လေးလနီးပါးကြာမြင့်နေခဲ့ ပြီး MPT တယ်လီဖုန်းလိုင်း မကြာသေးမီက ပြန်လည်ရရှိသော်လည်း မကြာခဏ ပြတ်တောက်မှု များ ကြုံတွေ့နေရကြောင်း ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောကြားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#မင်းတပ်မြို့
#စစ်ကောင်စီတပ် ဖမ်းဆီး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly