လိုင်လင်းပီမြို့ ဝင်ထွက်ခွင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ ပြန်ခွင့်ပြု

By ပါခွီး (မဇ္ဈိမ)
02 October 2023
လိုင်လင်းပီမြို့ ဝင်ထွက်ခွင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ ပြန်ခွင့်ပြု

ချင်းပြည်နယ် ၊မတူပီမြို့နယ်၊လိုင်လင်းပီမြို့တွင် လုံခြုံရေးအခြေအနေကြောင့် မြို့ အဝင်အထွက်ကို တားမြစ်ထားရာမှ ယခုအခါ ပြန်လည်သွားလာနိုင်ပြီဟု မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) က ထုတ်ပြန်သည်။

လိုင်လင်းပီမြို့တွင် စစ်ကောင်စီ၏ ခမရ (၃၀၄)၊ ခလရ (၁၄၀)နှင့် MDF သည်  စက်တင်ဘာလ ၂၅ရက်နှင့် စက်တင်ဘာ ၂၆ရက်က တိုက်ပွဲဖြစ်ပွားပြီးနောက် မြို့အဝင်အထွက်မပြုလုပ်ရန် MDF ကသတိပေးထုတ်ပြန်ထားခဲ့သည်။ထို့နောက် ရက်သတ္တပတ် တပတ်ခန့်အကြာ စက်တင်ဘာလ ၃၀ရက်နေ့တွင် မြို့အဝင်အထွက်ကို ပြန်လည်ခွင့်ပြုကြောင်း ထုတ်ပြန်ခြင်းဖြစ်သည်။

ဒေသခံများ၏ လိုအပ်ချက်အရ မြို့တွင်း ဝင်ထွက်ခွင့်ကို  ယာယီခွင့်ပြုလိုက်ခြင်းဟု MDF ပြန်ကြား ရေးတာဝန်ရှိသူက မဇ္စျိမ ကိုပြောသည်။

ထို့အပြင် အချိန်မရွေးတိုက်ပွဲများဖြစ်ပေါ်နိုင်သောကြောင့် စစ်ရေးသတိရှိကြရန်နှင့် ထူးခြားဖြစ်စဥ်များအတွက် ထုတ်ပြန်ချက်များကို လိုက်နာကြရန်  MDFက အသိပေးထားသည်။

မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF)ကို ၂၀၂၂ခုနှစ် ဇန်နဝါရီလတွင် ဖွဲ့စည်းခဲ့ပြီးနောက် စစ်ကောင်စီအား တော်လှန်တိုက်ခိုက်နေခြင်းဖြစ်သည်။ချင်းတမျိုးသားလုံးစည်လုံးညီညွတ်ရေး ၊ စစ်ကောင်စီအားဖြုတ်ချရေး ၊ ဖက်ဒရယ်ဒီမိုက ရေစီထူထောင်ရေးတို့အတွက် ညီနောင်တိုင်းရင်းသားအဖွဲ့အစည်းများနှင့်အတူ လက်တွဲတိုက်ပွဲဝင်ရန်အသင့်ရှိကြောင်း MDF  ကထုတ်ပြန်ထားသည်။

လိုင်လင်းပီမြို့သည် ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း တည်ရှိပြီး ထန်တလန်မြို့၊  ရေဇွာမြို့၊ပလက်ဝမြို့တို့အပြင်  အိန္ဒိယနိုင်ငံနယ်နိမိတ်နှင့် ထိစပ်‌နေသည့် ဒေသဖြစ်သည်။

စာတည်း - အေးချမ်း
#mizzima
#မတူပီမြို့နယ်
#လိုင်လင်းပီမြို့
#မြို့ဝင်ထွက်ခွင့်
#MDF
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly