အင်ဒိုနီးရှားတွင် တရုတ်ပံ့ပိုးသည့် မြန်နှုန်းမြင့်မီးရထားလမ်း စတင်ဖွင့်လှစ်

အင်ဒိုနီးရှားတွင် တရုတ်ပံ့ပိုးသည့် မြန်နှုန်းမြင့်မီးရထားလမ်း စတင်ဖွင့်လှစ်
Photo - REUTERS

အင်ဒိုနီးရှားတွင် မြို့တော် ဂျကာတာနှင့် ဘန်ဒေါင်းမြို့ကို ချိတ်ဆက်သည့် ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံတန်ကြေးရှိ မြန်နှုန်းမြင့် မီးရထားလမ်းကို သမ္မတ ဂျိုကို ဝီဒိုဒိုက အောက်တိုဘာ ၂ ရက်တွင် စတင်ဖွင့်လှစ်ပေးသည်။

ထို မြန်နှုန်းမြင့် ရထားလမ်းသည် တရုတ် ပံ့ပိုးသည့် စီမံကိန်းတခုဖြစ်ပြီး ပြဿနာများနှင့် ရင်ဆိုင်ထားခဲ့ရသည်။

တရုတ်၏ ခါးပတ်လမ်း စီမံကိန်း၏ တစိတ်တဒေသဖြစ်သလို အင်ဒိုနီးရှားသမ္မတ၏ အထင်ကရ အခြေခံအဆောက်အအုံ စီမံကိန်းတခု ဖြစ်သည့် ၁၄၂ ကီလိုမီတာ အရှည်ရှိ ရထားလမ်း စီမံကိန်းသည် မြေဝယ်ယူမှု ကိစ္စများ၊ ကပ်ရောဂါနှင့် ဆက်နွယ်သည့် နှောင့်နှေးကြန့်ကြာမှုများနှင့်ကုန်ကျစရိတ် ဖောင်းကားမြင့်တက်မှုများ စသည့် ပြဿနာများနှင့် ရင်ဆိုင်ခဲ့ရသည်။

မြန်နှုန်းမြင့် မီးရထားလမ်းနှင့်အတူ “Whoosh” ဟု အမည်ပေးထားသည့် ကျည်ဆန်ရထားကို အောက်တိုဘာ ၂ ရက်က စတင်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ပြီး ထိုစီမံကိန်းသည် ၂၀၁၉ ခုနှစ်တွင် လည်ပတ်ပြေးဆွဲမည် ဆိုသည့် ကနဦးမူလ လျာထားချက်အောက် အတော်လေး နောက်ကျနေခဲ့သည်။

“တရှိန်ထိုးသွားတဲ့ မြန်နှုန်းမြင့်ရထားရဲ့ အသံကို အကြောင်းပြုပြီး ဒီအမည် ဖြစ်လာတာပါ” ဟု မစ္စတာ ဂျိုကိုဝီက ဖွင့်ပွဲအခမ်းအနားတွင် ပြောသည်။

မြန်နှုန်းမြင့် ကျည်ဆန်ရထား၏ အမြင့်ဆုံး အမြန်နှုန်းက တနာရီလျင် ၃၅၀ ကီလိုမီတာအထိ ရောက်ရှိနိုင်ကြောင်း မစ္စတာ ဂျိုကိုဝီက ပြောပြီး မိမိတို့နိုင်ငံ၏ အများပြည်သူ သယ်ယူပို့ဆောင်ရေးက ခေတ်နှင့်အမီ လိုက်ပြီး သဘာဝပတ်ဝန်းကျင်နှင့် လိုက်ဖက်ကြောင်းလည်း ပြောသည်။

စက်တင်ဘာလ ဒုတိယပတ်ကတည်းက စတင်ခဲ့သည့် ကျည်ဆန်ရထားပေါ် အခမဲ့ စမ်းသပ်စီးနင်းမှုများကို ထပ်မံ တိုးချဲ့ပေးသွားမည် ဖြစ်ပြီး အောက်တိုဘာ လလယ်တွင် လက်မှတ်ဈေးနှုန်းများ အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း စီမံကိန်းကို ကြီးကြပ်သည့် အကြီးတန်းဝန်ကြီးတဦးဖြစ်သည့် မစ္စတာ လူဟတ် ပန်ဂျိုင်တန်က ပြောသည်။

ထို မြန်နှုန်းမြင့် မီးရထားလမ်းကို အင်ဒိုနီးရှားနှင့် တရုတ်ကုမ္ပဏီများ ပါသည့် အကျိုးတူပူးပေါင်းအဖွဲ့အစည်းတခုက တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

Indonesia launches China-backed 'Whoosh' high-speed railway

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly