သံတိုင်ကြားရောက် အကယ်ဒမီဘွဲ့ရရဲမှူးကြီး 

By မောင်မောင် (မဇ္ဈိမ)
30 September 2023
သံတိုင်ကြားရောက် အကယ်ဒမီဘွဲ့ရရဲမှူးကြီး 
ရဲမှူးကြီးဉာဏ်မြင့်ကျော်  Photo/Iprd Kachin

ဒေါ်အောင်ဆန်းစုကြည်နဲ့ရင်းနီးတဲ့ ဆက်ဆံရေးရှိနေလို့ဆိုတဲ့ စွပ်စွဲချက်တွေနဲ့အတူ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေနန်းကျပြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ပြည်ထဲရေးဝန်ကြီးဖြစ်လာချိန်မှာ ရဲတပ်ဖွဲ့ထိပ်ပိုင်းခေါင်းဆောင်သုံးဦး မင်းဘေးသင့်ခဲ့ပါတယ်။

ရဲမှူးချုပ်ဇော်မိုးသန်း၊ယာယီရဲမှူးချုပ်မိုးသန်းအောင်၊ ရဲထောက်ချုပ်ရဲမှူးချုပ်ဇော်ခင်အောင်တို့ကို တိုင်ကြားမှုတွေနဲ့အတူ ဖမ်းဆီးပြီး ရာထူးကနေ ဖြုတ်ချခဲ့တာပါ။၂၀၂၀ ခုနှစ်၊ နွေဦးနေ့ရက်တွေထဲက အဖြစ်အပျက်ပါ။ ဇာတ်တူသားချင်းစားတယ်လို့လည်း ရဲတပ်ဖွဲ့အသိုင်းအဝိုင်းမှာ နာမည်ကြီးခဲ့ပါတယ်။

အဲ့ဒီအဖြစ်အပျက်အလွန် သုံးနှစ်ကျော်အကြာ ယနေ့ကာလမှာ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ဖယ်ရှားပြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြည်ထဲရေးဝန်ကြီးဖြစ်လာချိန်မှာလည်း ရဲအရာရှ်ိကြီးသုံးဦး ဘေးသင့်ခဲ့ပြန်ပါတယ်။ ဒီတခါ ကံဆိုးမိုးမှောင်ကျတဲ့ သူတွေကတော့ နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး၊ဌာနကြီးမှူး ရဲမှူးချုပ်အောင်ဌေးမြင့်၊ မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရဲမှူးချုပ်စိန်လွင်နဲ့စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဉာဏ်မြင့်ကျော်တို့ ဖြစ်ပါတယ်။

ရဲမှူးချုပ်အောင်ဌေးမြင့်နဲ့ရဲမှူးချုပ်စိန်လွင်ဟာ
စစ်ကောင်စီအစည်းအဝေးမှတ်တမ်းအချို့ ပေါက်ကြားမှုကြောင့် နေအိမ်အကျယ်ချုပ်နဲ့စစ်ဆေးခံနေရတာဖြစ်ပြီး ရဲမှူးကြီးဉာဏ်မြင့်ကျော်ကတော့ အဲ့ဒီအချက်အပြင် အဂတိလိုက်စားမှု‌တွေနဲ့ပါ ချုပ်နှောင်စစ်ဆေးခံနေရတာလို့ နေပြည်တော်ရဲတပ်ဖွဲ့ အသိုင်း အဝိုင်းကပြောပါတယ်။ဒီဖြစ်ရပ်ဟာ ရဲတပ်ဖွဲ့အတွင်းစည်းထဲမှာ လတ်တလောလောင်မြိုက်နေတဲ့ မီးဖြစ်ပါတယ်။

ရဲမှူးကြီးဉာဏ်မြင့်ကျော်ဟာ ရန်ကုန်တိုင်း၊ ကျောက် တန်းမြို့ဇာတိဖြစ်ပြီး စစ်တက္ကသိုလ်ကျောင်းဆင်းဖြစ်ပါတယ်။ အသက်(၅၄)နှစ်ရှိပြီဖြစ်ပါတယ်။  ငယ်ငယ်ရွယ်ရွယ်နဲ့ ရာထူးကြီးကြီးရခဲ့ပြီး  စစ်တပ်ထဲကနေ ပြောင်းလာတဲ့ မိုးကျရွှေကိုယ်အဖြစ်  အမြန်လမ်းရဲတပ်ဖွဲ့မှူးတာဝန်ယူခဲ့ပါတယ်။ အဲ့ဒီနောက် စစ်တပ်က အာဏာမသိမ်းခင်ရှေ့လအနည်းငယ်မှာ ကချင် ပြည်နယ်ရဲတပ်ဖွဲ့မှူးဖြစ်လာပါတယ်။ အာဏာသိမ်းပြီးတဲ့နောက်ဖြစ်လာတဲ့ ကချင်ပြည်နယ်က လူထုသပိတ်တွေကို လူသေဆုံးမှုဖြစ်စေတဲ့အထိ ဖြိုခွင်းခဲ့တာမှာ သူက အဓိကအမိန့်ပေးသူဖြစ်ခဲ့ပါတယ်။ ၂၀‌ ၂၁ ခုနှစ် မတ်လ ၈ရက်က ပြည်သူနှစ်ဦးသေဆုံးခဲ့ရတဲ့ မြစ်ကြီးနားမြို့ လူထုသပိတ်ဖြိုခွင်းမှုကို သူက အဓိကအမိန့်ပေးစေခိုင်းခဲ့တာလို့ ကချင်တိုင်းရင်း သားလူထုအသိုင်းအဝိုင်းက မှတ်တမ်းယူထားပါတယ်။

၂၀၂၂ ခုနှစ်မေလမှာတော့ စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူးဖြစ်လာပါတယ်။ ခုခံတော်လှန်စစ် အားအကောင်းဆုံးဇေယျာတိုင်းကို ဖိနှိပ်ဖို့ စစ်ကောင်စီက ဝကွက် အပ်လိုက်တဲ့ တိုင်းအဆင့် စစ်ကောင်စီအရာရှိတွေထဲက အဓိကတာဝန်ရှိသူဖြစ်လာပါတယ်။ အဲ့ဒီနောက် သူဟာ ရဲမှူးကြီးအာဏာပါဝါသုံးပြီး တော်လှန်လူထုကို သွေးထွက်သံယိုဖြစ်စေခဲ့တယ်လို့ စစ်ကိုင်းတိုင်းအခြေပြု တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။ 

စစ်ကောင်စီဟာ ပြည်နယ်နဲ့တိုင်းရဲတပ်ဖွဲ့မှူးတွေကို သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းရဲ့လမ်းပန်းဆက်သွယ် ရေးဝန်ကြီးရာထူးပါ မက်လုံးပေးပြီး အာဏာစက်တည်ဆောက်ခဲ့ပါတယ်။ ရဲမှူးကြီးဉာဏ်မြင့်ကျော်ဟာ စစ်ကိုင်းတိုင်းလို အထင်ကရတိုင်းရဲ့ ရဲတပ်ဖွဲ့မှူးရာထူးရော လမ်းပန်းဆက်သွယ်ရေးဝန်ကြီးအဆောင်အယောင်နဲ့ပါ ဟိတ်ဟန်ရှိခဲ့တယ်။သူရဲ့ဆရာရင်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နဲ့ အပေးအယူမျှခဲ့ပြီး  ယခင်ကထက် တန်ခိုးထွားလာတယ်လို့ စစ်ကိုင်းတိုင်းအခြေပြုတော်လှန် ရေးအင်အားစုတွေကပြောပါတယ်။ ဥရောပသမဂ္ဂနဲ့နိုင်ငံတကာက ပိတ်ဆို့အရေးယူတဲ့ စစ်ကောင်စီထိပ်ပိုင်းပုဂ္ဂိုလ်တွေထဲမှာ ရဲမှူးကြီးဥာဏ်မြင့်ကျော်လည်းပါဝင်ခဲ့ပေမယ့် သူ့ခြေလှမ်းတွေဟာ အနည်းငယ်တောင်တုံ့နှေးမသွားခဲ့ဘဲ စစ်ကောင်စီအလိုကျ အသုံးတော်ခံနေခဲ့ပါတယ်။ ဒါပေမယ့် သူ့ဆရာရင်း ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်တယောက် ပြည်ထဲရေးဝန်ကြီးနေရာကနေ ဖယ်ရှားခံလိုက်ရပြီးတဲ့နောက် ရဲမှူးကြီးဉာဏ်မြင့်ကျော်လည်း တနွယ်ငင်တစင်ပါ သွားပါ‌‌တော့တယ်။ သူဟာပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက် နံနက် ဝေလီဝေလင်းမှာ ထိန်းသိမ်းခံရပြီး  ရဲတွေအချင်းချင်းကြား မော်စကိုလို့ အမည်ပြောင်ခေါ်တဲ့ အင်းစိန်ထောင်ရဲ့ သံတိုင်တွေနောက်ကို ရောက်သွားခဲ့တယ်လို့ စစ်ကိုင်းတိုင်းထဲက ရဲအရာရှိတဦးကပြောပါတယ်။

" ဆရာဉာဏ်(ရဲမှူးကြီးဥာဏ်မြင့်ကျော်) တော့ မော်စကိုကို ရောက်သွားပြီ။ ဒီပြဿနာတွေက စက်တင် ဘာ ၆ရက်ကတည်းက စနေခဲ့တာ။ အခုမှ ဗုံးတလုံးလို ပေါက်ကွဲထွက်လာတာ" 

ဒီတကြိမ် ပြည်ထဲရေးဝန်ကြီးအပြောင်းအလဲမှာ စစ်ဆေးခံနေရတဲ့ ထိပ်ပိုင်းရဲအရာရှိသုံးဦးအနက် ရဲမှူးကြီးဉာဏ်မြင့်ကျော်ဟာ အဂတိကို လွန်လွန်ကျူးကျူးလိုက်စားတာတင်မက သူ့ပေါ့လျော့မှုကြောင့်  စစ်ကောင်စီရဲ့ လှို့ဝှက်ချက်တွေ ပြင်ပကို အကြိမ် ကြိမ်ပေါက်ကြားခဲ့တယ်လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းက ဆိုပါတယ်။လာဘ်စားလွန်းလို့လည်း  အကယ်ဒမီဉာဏ်မြင့်ကျော်လို့တောင် နာမည်ပြောင်ပေးထားကြတယ်လို့ ဆိုပါတယ်။ ဆိုလိုတာကတော့ သူက လာဘ်ယူတာမှာ ရွှေက်ိုနှစ်သက်သူဖြစ်ပြီး ကချင်နဲ့စစ်ကိုင်း တိုင်းက သတ္တုတူးဖော်ရေးလုပ်ငန်းရှင်တွေ၊ ရွှေတူးဖော်ရေးလုပ်ငန်းရှင်တွေဆီကနေ  ‌ရွှေတုံးတွေ လက် ခံရယူခဲ့တယ်လို့ စစ်ကိုင်းတိုင်းရဲရုံးမှာ တာဝန်ထမ်းဆောင်ဖူးတဲ့ ရဲအရာရှိတဦးကပြောပြပါတယ်။

ဒါအပြင့် သူဟာ ကချင်ပြည်နယ်ရဲ့ခေါင်ချုပ်ရဲအရာရှိအဖြစ် တာဝန်ယူထားရချိန်မှာ ရတနာမြေဖားကန့်ကိုတည်ပြီး အကျိုးစီးပွား အကြီးအကျယ်တည်ဆောက်သွားခဲ့တယ်လို့ ကချင်နိုင်ငံရေးအသိုင်းအဝိုင်းက ဆိုပါတယ်။ ဖားကန့်ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တွေကနေ လစဉ် သိန်းရာချီလက်ခံရရှိခဲ့သလို ဖားကန့်ကို ပြောင်းရွေ့လိုတဲ့ စခန်းမှူးအဆင့် ဒုရဲမှူးရာထူးအတွက် ကျပ်သိန်း ၅၀၀ အထိ ပေါက်ဈေးဖွင့်ခဲ့သူလို့ ကချင်ပြည်နယ်အစိုးရ အဖွဲ့ရုံးမှာ သူနဲ့ ထိတွေ့ဆက်ဆံဖူးတဲ့ လွှတ်တော်အမတ်တဦးက ပြောပြပါတယ်။ ဒီအချက်ကို ဖားကန့်မှာ တာဝန်ကျဖူးတဲ့ ရဲတပ်ဖွဲ့ဝင်အချို့ကလည်း အတည်ပြုချက်ပေးပါတယ်။

စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူးဖြစ်လာချိန်မှာလည်း စစ် တပ်က ‌အကြမ်းဖက်ဖျက်ဆီးလို့ ကြေမွပျက်စီးနေတဲ့  မီးလောင်ပြင်မြေပေါ်ကနေ ရနိုင်သမျှ ဂုတ်သွေးစုပ်ခဲ့ပြန်တယ်လို့ နာမည်ထွက်ခဲ့ပြန်ပါတယ်။ စစ်ကိုင်းတိုင်းထဲက ရွှေနဲ့သတ္တုတူးဖော်ရေးလုပ်ငန်းတွေ၊ သစ်မှောင်ခိုလုပ်ငန်းတွေဆီကနေငွေတွေကို နည်းမျိုးစုံ လက်ခံရယူသွားတယ်လို့ တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

" စီးပွားရေးသမားတွေကတော့  NUG အစိုးရကို အခွန်ဆောင်တယ်။ ဟိုဘက်(စစ်ကောင်စီဘက်) ကိုတော့အလွတ်ချည်းပေးနေတာ။ သစ်ကားတစီး သိန်း ၅၀-၁၀၀ တောင်းတာပဲ။  အဲ့ဒီ‌ငွေတွေက သူတို့ အဘတွေဆီ သွားတာ" လို့ ကသာခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အဖွဲ့ဝင်တဦးကပြောပါတယ်။

လူထုခုခံတော်လှန်စစ်အားကောင်းတဲ့ စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီဟာ သူ့ရဲ့တပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တပ်ကနေထွက်မပြေးအောင် စိတ်တိုင်း ကျ အကြမ်းဖက်လုယက်ခွင့်ပေးထားတာမှာ စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူးဦးဆောင်တဲ့ ရဲတွေဟာ ဒေသခံလူထုအပေါ် ရန်သူလို့ ပြုမူဆက်ဆံခဲ့တယ်လို့ယင်းမာပင်ခရိုင်ထဲက ပြည်ထောင်စုလွတ်မြောက် ရေးတပ်ပေါင်းစု(ULF) စစ်ကြောင်းမှူးကပြောပါတယ်။စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ  သွေးဆာနေတဲ့  သားသတ်သမားပုံစံဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ ပြည်ထဲရေးဝန်ကြီးရာထူးကနေ ပြုတ်ခဲ့ပြီးတဲ့နောက် အရေးယူခံခဲ့ရတဲ့  ရဲမှူးချုပ်ဇော်မိုးသန်း၊ယာယီရဲမှူးချုပ် မိုးသန်းအောင်၊ ရဲမှုးချုပ်ဇော်ခင်အောင်တို့ဟာ ရာထူး အာဏာလက်လွှတ်လိုက်ရခြင်းနဲ့အတူ သစ်သီးတလုံး မြေပြင်ပေါ် အရှိန်နဲ့ ဘုတ်ကနဲ့ကျသလို ကျသွားပြီး အဆံမရှိတဲ့ သစ်သီးများလို ကွဲကြေသွားခဲ့ကြပါတယ်။ လူမြင်ကွင်းကို  ဒီကနေ့အထိ ထွက်မလာနိုင်တော့ပါဘူး။လတ်တလော ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် လက်ထက်မှာ စစ်ဆေးခံနေရတဲ့ ရဲမှူးချုပ်အောင်ဌေးမြင့်၊ရဲမှူးချုပ်စိန်လွင်နဲ့ရဲမှူးကြီးဉာဏ်မြင့်ကျော်တို့လည်း လူမြင်ကွင်းကနေ ပျောက်နေကြပြန်ပါပြီ။ သူတို့ကို ဘယ်လိုပုဒ်မနဲ့ အမှုစွဲစစ်ဆေးနေတယ်ဆိုတာ စစ်ကောင်စီက သတင်းမထုတ်ပြန်သေးပါဘူး။ သူတို့ရဲ့ဆရာ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကတော့ ပြည်ထဲရေးဝန်ကြီးရာထူးကနေဖယ်ရှားခံရအပြီးမှာ ဆက်လက်ဆုပ်ကိုင်ထားနိုင်သေးတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်အဖြစ်ကရော ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနဝန်ကြီးရာထူးကိုပါထပ်မံရုပ်သိမ်းခံလိုက်ရပြီး စစ်တန်းလျားကို ပြန်အပို့ခံထားရပါတယ်။ ဒါပေမယ့်လည်း စစ်ကောင်စီရဲ့အတွင်းစည်းထဲက သတင်းပေါက်ကြားမှုတွေကတော့ ရပ်တန့်မသွားဘဲ ဆက်လက်ထွက်ပေါ်နေဆဲပါပဲ။

ရဲမှူးကြီးဉာဏ်မြင့်ကျော်က‌တော့ မိုးကျရွှေကိုယ်အဖြစ် ရဲမှူးကြီးရာထူးနဲ့ အမြန်လမ်းမပေါ် လျှောက်လှမ်းခဲ့ပြီး ကချင်ပြည်နယ်မနောမြေ၊ အဲဒီကနေ သတ္တိသွေးတွေ စွေးစွေး‌နီနေတဲ့ အညာ‌မြေကို ခြေဆန့်ခဲ့တဲ့နောက် အခုအခါ မော်စကိုလို့ ခေါ်တဲ့ သံတိုင်ကြားထဲ ရောက်သွားခဲ့ပါပြီ။ အကယ်ဒမီဘွဲ့ရရဲမှူးကြီးရဲ့ မနက်ဖြန်တွေဘယ်လို ရှိလာမလဲဆိုတာ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကရော စစ်ကိုင်းတိုင်းတော်လှန်ရေးအင်အားစုတွေကပါ စောင့်ကြည့်နေကြပါပြီ။  ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly