ပြည်သူတွေကြားထဲက အသံတွေကိုနားထောင်ဖို့ သင်္ဃန်းကျွန်းမြိုကနယ်က လွှတ်တော်အမတ်တွေ ပြည်သူများနှင့်တွေ့ဆုံ

ပြည်သူတွေကြားထဲက အသံတွေကိုနားထောင်ဖို့ သင်္ဃန်းကျွန်းမြိုကနယ်က လွှတ်တော်အမတ်တွေ ပြည်သူများနှင့်တွေ့ဆုံ
ဓာတ်ပုံ-ယဉ်မွန်

ပြည်သူများ၏လိုအပ်ချက် ဖြစ်ပေါ်နေသော ပြသာနာများနှင့် အခက်အခဲများကို သိရှိစေဖို့ သင်္ဃန်းကျွန်းမြို့နယ်မှလွှတ်တော်အမတ်များသည် သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ရပ်ကွက်နေပြည်သူများနှင့် လိုက်လံတွေ့ဆုံခဲ့ရာ ယနေ့ ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်းက သင်္ဃန်းကျွန်းဇဝနရပ်ကွက်အတွင်းမှာရှိသော ဇဝနဓမ္မာရုံတွင် တွေ့ဆုံဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့သည်။

ထိုတွေ့ဆုံပွဲသို့ သင်္ဃန်းကျွန်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်း၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၁ ဦးနေဘုန်းလတ်၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၂ ဦးမောင်မောင်ဦးတို့အပါအဝင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်ထောက်အကူပြုမှတာဝန်ရှိသူလူကြီးများ တက်ရောက်ကာ ၎င်းတို့၏ လွှတ်တော်တွင်းအတွေ့အကြုံရှင်းလင်းတင်ပြခြင်းနှင့် ပြည်သူများ၏ အခက်အခဲများကို တွေ့ဆုံဆွေးနွေးခဲ့သည်။

" အခုလို ပြည်သူတွေနဲ့ လာရောက်တွေ့ဆုံရတာ အရမ်းပဲ ကောင်းပါတယ်။ပြည်သူတွေရဲ့အသံကို တော်တော်လေးကြားရပါတယ်။ အများဆုံးကတော့ စည်ပင်သာယာနဲ့ ဆိုင်တဲ့ကိစ္စတွေဖြစ်နေပါတယ်။ ၆၀ ရာခိုင်နှုန်းက စည်ပင်သာယာနဲ့ ဆိုင်တဲ့ကိစ္စတွေ ဖြစ်နေတယ်။အဓိကကြားရတာကတော့ ကျန်းမာရေး၊လျှပ်စစ်နဲ့ ရေကြီးတဲ့ကိစ္စတွေက အများဆုံးဖြစ်တယ်ဆိုတာ သိရတဲ့အတွက် ကိုယ်ဘာလုပ်ရမယ်ဆိုတာကိုလည်း သိခွင့်ရပါတယ်" ဟု သင်္ဃန်းကျွန်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်းက မဇ္ဈိမကို ပြောကြားခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ်အတွင်း ကျောင်းကြိုကားများ ရပ်နားခြင်းကြောင့် လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်ခြင်း၊ အမှိုက်များရှင်းလင်းမှု မရှိသောကြောင့် မိုးတွင်းအခါ ရေလျှံမှုများဖြစ်ပေါ်ခြင်း၊ သင်္ဃန်းကျွန်းစံပြဆေးရုံအတွင်း အမှိုက်များ စည်းကမ်းမဲ့ပစ်ခြင်းတို့အပြင် အခြားကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ပြီး အမြန်ဆုံးလုပ်ဆောင်ပေးဖို့ကိုလည်း ပြည်သူများက တိုက်တွန်းခဲ့ကြသည်။

" အခုလို လွှတ်တော်ကိုယ်စားလှယ်ကြီးတွေကိုယ်တိုင် လာရောက်ဆွေးနွေးပေးတဲ့အတွက် ဝမ်းသာပါတယ်။ကျွန်တော်တို့ တင်ပြခဲ့တာတွေကို အမြန်ဆုံးအကောင်အထည်ဖော်ပေးစေချင်ပါတယ်လိုပ ပြောချင်ပါတယ်။" ဟု ဇဝနရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ သင်္ဃန်းကျွန်းလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဧညပီလ ၂၄ ရက်နေ့အထိ ရပ်ကွက်နေ ပြည်သူများနှင့် သွားရောက်တွေ့ဆုံသွားကာ လိုအပ်ချက်များကို မေးမြန်းသွားမည်ဖြစ်ပြီး၊၂၅ ရက်နေ့မှစတင်ကာ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများနှင့် ဆွေးနွေးပွဲမှ ရရှိလာသော အချက်အလက်များကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly