ရှမ်းမြောက်တိုက်ပွဲများကြောင့် ဒေသခံတစ်ထောင်ကျော် ထွက်ပြေးနေရ

By မဇ္ဈိမ 
29 September 2023
ရှမ်းမြောက်တိုက်ပွဲများကြောင့် ဒေသခံတစ်ထောင်ကျော် ထွက်ပြေးနေရ

တရုတ်-မြန်မာ နယ်စပ် မူဆယ်နဲ့ ကွတ်ခိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတစ်ထောင်ကျော်ခန့်ဟာ နယ်စပ်တစ်လျှောက်နဲ့ တရုတ်နိုင်ငံ ရွှေလီနဲ့ ကျယ်ဂေါင်မြို့တွေအထိ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မူဆယ်မြို့နယ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ကွတ်ခိုင်မြို့နယ်အကြား နယ်စပ်ကုန်သွယ်ရေးလမ်းမကြီးအနီး ခိုမုန်းကျေးရွာကနေသုံးမိုင်ကျော်သာ ကွာဝေးတဲ့ တောင်ကုန်းတစ်ခုမှာ တည်ရှိတဲ့  TNLA တပ်စခန်းတစ်ခုကို ယခုလဆန်းကတည်းက စစ်တပ်က အကြိမ်ကြိမ်ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

စက်တင်ဘာ ၂၂ ရက ်နံနက်ပိုင်းက တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးက တိုက်ပွဲဖြစ်ရာနေရာအနီးကို နှစ်ကြိမ် လာရောက်ပစ်ခတ်ခဲ့သလို အဝေးထိန်းဒရုန်းတွေမှာ ၆၀ မမ ဗုံးသီး ပစ်ချ တိုက်ခိုက်ခဲ့တယ်လို့ TNLA ဘက်က ပြောပါတယ်။

မူဆယ်-နမ့်ခမ်းလမ်းပိုင်းက စယ်လန့်ကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့က စစ်ကောင်စီ လက်အောက်ခံ နမ့်ခမ်းမြို့မ ပြည်သူ့စစ်တပ်ဖွဲ့ ယာဉ်တန်းကို TNLA တပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း တိုက်ပွဲတွေ အခုအချိန်အထိ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေ တာပါ။

တိုက်ပွဲတွေကြောင့် မူဆယ်မြို့နယ်အတွင်း နှစ်နိုင်ငံနယ်စပ်အနီးမှာရှိတဲ့ နမ့်ကတ်နဲ့ စယ်လန့်ကျေးရွာတွေ အပါအဝင် ရွာခုနစ်ရွာက ဒေသခံတစ်ထောင်ကျော် ထွက်ပြေးနေကြရတာလို့ နမ့်ကတ်ကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နဲ့ TNLA တပ်ဖွဲ့ကြား ၂၀၂၂ ဒီဇင်ဘာလအတွင်းက နမ့်ဆန်းမြို့နယ် ကုန်းသာကျေးရွာမှာ တိုက်ပွဲကြီးကြီးမားမား တစ်ကြိမ်ဖြစ်ခဲ့တာကလွဲလို့ ထိတွေ့တိုက်ပွဲတွေ နည်းခဲ့ပါတယ်။

 ပြီးခဲ့တဲ့ ဇူလိုင်လနောက်ဆုံးပတ်ကစလို့ ကျောက်မဲ၊ ကွတ်ခိုင်၊ မူဆယ်၊ လားရှိုးနဲ့ မိုးကုတ်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေ နေ့စဉ်လိုလို ပြန်ဖြစ်လာနေတာပါ။

စစ်ကောင်စီလေတပ်က ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာကတည်းက ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင်းရှိ TNLA စခန်းတွေကို ပေါင် ၅၀၀ ဗုံးများ ကြဲချခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်က ရှမ်းပြည်နယ်အတွင်း တအာင်းတပ်မတော် (TNLA) စခန်းနဲ့ ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်နေချိန်မှာ TNLA ပါဝင်တဲ့ ပူးပေါင်းတပ်ကလည်း မန္တလေးတိုင်းရှိ စစ်ကောင်စီယာယီစခန်းတစ်ခုကို ဝင်တိုက်ခဲ့ပါတယ်။

TNLA တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ အခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ကနေ စက်တင်ဘာလ ၂၆ ရက်နေ့အထိ တိုက်ပွဲပေါင်း ၅၀ နီးပါး ဖြစ်ပွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly