မုံရွာမြို့တွင် အထိုင်ချစစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၁၅ဦး သေဆုံး ဟုဆို

By ပါခွီး(မဇ္စျိမ)
29 September 2023
မုံရွာမြို့တွင် အထိုင်ချစစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၁၅ဦး သေဆုံး ဟုဆို

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့အတွင်းရှိ အထိုင်ချတပ်စွဲထားသော စခန်းကို ကာကွယ်ရေးပူပေါင်းတပ်ဖွဲ့များက ဝိုင်းဝန်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ဦး သေဆုံးခဲ့ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attcak Force) က စက်တင်ဘာလ ၂၉ရက် ယနေ့တွင်ထုတ်ပြန်သည်။

မုံရွာမြို့တောင်ဘက်အထွက်  မုံရွာ - အမြင့်လမ်းပေါ်ရှိ ညောင်ပင်သာရပ်ကွက်တွင် အင်အား ၅၀ခန့်ဖြင့် အထိုင်ချထားသောတပ်ကို စက်တင်ဘာလ ၂၈ရက် ညနေ ၄နာရီ ၁၅မိနစ်မှ စတင်ပြီး ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“စစ် ​ေ- (စစ်ကောင်စီတပ်သား) တွေ နေရာယူထားတဲ့ သုံးထပ်တိုက်ပေါ်ကို ပန်းတိမ် (လက်နက်ကြီး) နဲ့ စပစ်လိုက်တာ အူယားဖားယားနဲ့ ပြေးဆင်းလာကြတာကို အသင့်နေရာယူထားတဲ့ ရဲဘော်တွေက ဝိုင်းပစ်ခဲ့တာ ငါးယောက်ပွဲချင်းပြီးသေတာကို မျက်မြင်တွေ့ခဲ့ရတယ် ၊ နောက် ဒဏ်ရာရတဲ့ အယောက် ၂၀ထဲက ၁၀ယောက်ထပ် သေတယ်ဆိုတာ ခိုင်မာတိကျတဲ့ အတွင်းသတင်းကနေ ပြန်သိရတာပါ” ဟု Chindwin Attcak Force တပ်ရင်း (၄) ပြန်ကြားရေးတာဝန်ခံက မဇ္စျိမ ကို ပြောသည်။

အသင့်နေရာယူထားသည့် ကာကွယ်ရေးရဲဘော်များက ၄၅မိနစ်ကြာ လက်နက်ကြီး ငယ်များဖြင့် အနီးကပ်ဝင်ရောက်ချေမှုန်းခဲ့သဖြင့် စစ်ကောင်စီတပ်သားများ အကျအဆုံးများခဲ့ရခြင်းဖြစ်ကြောင်း ဆိုသည်။

စစ်ကောင်စီတပ်ဖက်မှလည်း စက်လတ်များ ၊ လက်နက်ကြီးငယ်များဖြင့် ပြန်လှန်ပစ်ခတ်ခဲ့ပြီး ကညန ရုံးဖက်မှလည်း ၆၀မမ များဖြင့် ပစ်ကူပေးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attcak Force) တပ်ရင်း(၄) အထူးကွန်မန်ဒို (Monywa The Boys) မှ ဦးဆောင်ပြီး Spring Dove ၊ ဗိုလ်ဒဿပြောက်ကျားတပ်ဖွဲ့ ၊ 5/ UG Task Force ၊Democratic Guerrilla Force (DGF) ၊ Monywa Commando Force ၊ Monywa Special ဒိတ်ဒိတ်ကြဲ ၊ အရာတော် ပကဖ ၊ peacock King PDF နှင့် God of Snake တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ၎င်းတို့ဖက်မှ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါစစ်ကောင်စီတပ်သည် လွန်ခဲ့သည့် သုံးလခန့်မှစ၍ ထိုနေရာတွင်တပ်စွဲထားခြင်းဖြစ်၍ လမ်းအသွားအလာပြည်သူများကို စစ်ဆေးပြီး ၎င်းတို့ဂိတ်ရှေ့မှ ဖြတ်သန်းသွားသော စက်ဘီး ၊ ဆိုင်ကယ်နှင့် ကားများ ပေါ်မှလူများဆင်း၍ လမ်းလျှောက် ဖြတ်ခိုင်းကြောင်းသိရသည်။

မုံရွာမြို့အတွင်းမှ တောင်ဘက်သို့ထွက်လျှင် ဘိုးဘွားရိပ်သာအဝိုင်းအနီး ၊ ရေဦးဆန် ဆိုင် ၊ လဝကရုံးဟောင်း ၊ ကညန ရုံး ၊ မအူဂိတ်နှင့် ညောင်ပင်သာရပ်ကွက်တို့ တွင် စစ်ကောင်စီတပ်သားများ နေရာယူတပ်စွဲထားကြောင်းသိရသည်။

စက်တင်ဘာလ ၂၈ရက် နံနက် ၉နာရီ ၁၉မိနစ်အချိန်ကလည်း  မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attcak Force) တပ်ရင်း(၄) တပ်ခွဲများ နှင့် မဟာမိတ်များပူးပေါင်းပြီး ချင်းတွင်းမြစ်အတွင်း စုန်ဆင်းလာသည့် စစ်ကောင်စီတပ် ရေယာဥ်အုပ်စုကို မုံရွာမြို့နယ်အတွင်း ပြောင်းတိုက်များ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးကြောင်း ထုတ်ပြန်ချက်အရသိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)

ရုပ်သံအညွှန်း - စစ်ကောင်စီတပ်အခြေချနေရာကို တိုက်ခိုက်နေစဥ်
ရုပ်သံ - Chindwin Attcak Force တပ်ရင်း (၄)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly