ဗြိတိန် နဲ့ အိန္ဒိယဝန်ကြီးချုပ်တို့တွေ့ဆုံမှုမှာ မြန်မာစစ်တပ်အပေါ် လက်နက် ရောင်းချမှုအကြောင်း ဆွေးနွေးခဲ့ခြင်းမရှိ

By မဇ္ဈိမ 
29 September 2023
ဗြိတိန် နဲ့ အိန္ဒိယဝန်ကြီးချုပ်တို့တွေ့ဆုံမှုမှာ မြန်မာစစ်တပ်အပေါ် လက်နက် ရောင်းချမှုအကြောင်း ဆွေးနွေးခဲ့ခြင်းမရှိ

ယခုလ အစောပိုင်း G 20 ထိပ်သီး အစည်းအဝေးမှာ အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ တွေ့ဆုံစဉ် ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူးနက်ခ် Rishi Sunak ဟာ မြန်မာစစ်တပ်ကို အိန္ဒိယက လက်နက်တွေ ရောင်းချခဲ့တဲ့ကိစ္စ မပြောဖြစ်ခဲ့ဘူးလို့ လွှတ်တော်မေးခွန်းကို ယူကေအစိုးရက ပြန်လည် ဖြေကြားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံက မြန်မာစစ်ကောင်စီကို လက်နက်တွေ ရောင်းချနေတယ်ဆိုတဲ့အပေါ် အိန္ဒိယကို ဆွေးနွေးပြောဆိုဖို့ ဗြိတိန်လွှတ်တော်က ဗြိတိန်ဝန်ကြီးချုပ်ကို မေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။

“မြန်မာကို လက်နက်ပေးနေတဲ့ကိစ္စ မဆွေးနွေးခဲ့ပေမယ့်၊ အဲဒီလို မြန်မာစစ်တပ်ကို လက်နက်ပေးနေသူတွေနဲ့ ဆက်လက် ဆွေးနွေးပါမယ်” လို့ နိုင်ငံခြားရေးဝန်ကြီးက စာနဲ့ ဖြေကြားခဲ့ပါတယ်။

အိန္ဒိယ နိုင်ငံဟာ တရုတ်၊ ရုရှား၊ စင်ကာပူတို့နဲ့အတူ မြန်မာစစ်တပ်ကို လက်နက်အများဆုံး ရောင်းချနေတဲ့ နိုင်ငံဖြစ်တယ်လို့ Burma Campaign UK က ပြောပါတယ်။

မြန်မာစစ်တပ်ကို လက်နက်ရောင်းချတာ အဆုံးသတ်အောင် ဆော်ဩစည်းရုံးရေးဟာ ဗြိတိန်ရဲ့ နိုင်ငံခြားရေးမူဝါဒ ဖြစ်ပေမယ့် ဒီကိစ္စအပေါ် နှုတ်ဆိတ်နေခဲ့တာ ဖြစ်တယ်လို့ ဘားမားကမ်ပိန်း ယူကေရဲ့ အင်တာနက် စာမျက်နှာက ဝေဖန်ပြောဆိုပါတယ်။

ဗြိတိန်နဲ့ အိန္ဒိယ ဝန်ကြီးချုပ် နှစ်ဦး တွေ့ဆုံရာမှာ၊ ပညာရေး၊ သုတေသန၊ ကာကွယ်ရေးနဲ့ ကုန်သွယ်ရေး ကဏ္ဍအသီးသီးမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးသွားပေမဲ့ မြန်မာနိုင်ငံကို လက်နက်ရောင်းချမှုအကြောင်း ဆွေးနွေးပြောဆိုသွားတာ မရှိတဲ့ အကြောင်း၊ Burma Campaign UK အနေနဲ့ မြန်မာစစ်တပ်ကို လက်နက်ရောင်းချနေတဲ့ နိုင်ငံတွေကို ဖိအားပေးရေး ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဆူးနက်ခ် အရင် ဝန်ကြီးချုပ်တွေ လက်ထက်တုန်းကတော့ မြန်မာစစ်တပ်ကို လက်နက် မရောင်းချဖို့ ဆားဘီးယား၊ ယူကရိန်းနဲ့ ဂျပန်နိုင်ငံတွေကို ဗြိတိန်နဲ့ မဟာမိတ်တွေက အောင်မြင်စွာ စည်းရုံးနိုင်ခဲ့ကြတာပါ။ 

အိန္ဒိယနိုင်ငံက မြန်မာစစ်ကောင်စီကို လက်နက်ပစ္စည်းတွေ ရောင်းနေတာဟာ စစ်ရာဇဝတ်မှုအားပေးရာ ရောက်တာကြောင့် နိုင်ငံတကာက တားဆီးဖို့လိုအပ်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ နိုင်ငံရေး၊ စစ်ရေး အကဲခတ်တွေက ပြောပါတယ်။

အိန္ဒိယပိုင် Bharat Electronics Limited (BEL) ကုမ္ပဏီက ၂၀၂၂ ခုနှစ် နိုဝင်ဘာကနေ ၂၀၂၃ ဧပြီလအထိ ခြောက်လအတွင်း အမေရိကန်ဒေါ်လာ ငါးသန်းကျော်ဖိုး စစ်လက်နက် ပစ္စည်းတွေကို မြန်မာ စစ်တပ်ကို တင်ပို့ ရောင်းချခဲ့ကြောင်း Justice For Myanmar အဖွဲ့က ဇွန်လ ၂၄ ရက်နေ့က ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက စစ်တပ်တွေနဲ့ တိုက်ခိုက်ရာမှာ အသုံးပြုရမယ့် လက်နက်တွေကို မြန်မာစစ်တပ်ဟာ ပြည်သူတွေကို တိုက်ခိုက်၊ ကျောင်းတွေနဲ့ ဆေးရုံတွေကို ဗုံးကြဲခဲ့ပြီး၊ လူပေါင်း ၂ သောင်းခွဲနီးနီးကို ဖမ်းဆီးခဲ့ပြီး  လူ ၂ သန်းကျော်ဟာ အိုးအိမ်စွန့်ခွါ ထွက်ပြေးနေကြရပါတယ်။

ဗြိတိန်အစိုးရအနေနဲ့ လက်နက်ရောင်းခွင့် ပိတ်ထားသလို၊ မြန်မာစစ်တပ်ရဲ့ လက်နက်နဲ့ ငွေကြေးဝင်ပေါက်တွေကို ပစ်မှတ်ထား ပိတ်ပင်အရေးယူနိုင်ဖို့ တခြားမိတ်ဖက် နိုင်ငံတွေနဲ့ပေါင်းပြီး ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။

ဗြိတိန်လိုပဲ တခြားကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့လည်း မြန်မာစစ်တပ်ကို လက်နက်ရောင်းချခွင့် ပိတ်ဖို့လည်း တိုက်တွန်းထားတာပါ။

မြန်မာပြည်တွင်းစစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ချမှတ်ရာမှာ ဗြိတိန်နိုင်ငံက ဦးဆောင်ခဲ့တာဖြစ်ပြီး  မြန်မာမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ တရားလက်လွတ် ထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ ဆုံးဖြတ်ချက်ပါအချက်တွေကို လိုက်နာဖို့ တောင်းဆိုချက်တွေ ပါဝင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly