ဆူဇူကီးအကြို နိုင်ငံတကာခြေစမ်းပွဲများအတွက် ထုတ်ပြန်ခဲ့သော လက်ရွေးစင်အသင်းလူစာရင်းတွင် ဒေးဗစ်ထန်း ပြန်လည် ပါ၀င်

ဆူဇူကီးအကြို နိုင်ငံတကာခြေစမ်းပွဲများအတွက် ထုတ်ပြန်ခဲ့သော လက်ရွေးစင်အသင်းလူစာရင်းတွင် ဒေးဗစ်ထန်း ပြန်လည် ပါ၀င်
လက်ဘနွန်နှင့်ခြေစစ်ပွဲစဉ်ကတွေ့ရသော မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း။(ဓာတ်ပုံ- MFF)

ဧပြီ ၂၀ ၊ ရန်ကုန် ။               ။ ဆူဇူကီးပြိုင်ပွဲမတိုင်မီ ပြင်ဆင်မှုအနေဖြင့် နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန်အတွက် မြန်မာ့လက်ရွေးစင်အသင်းလူစာရင်းအသစ် ထုတ်ပြန်ရာတွင် ရန်ကုန်ယူနိုက်တက်အသင်း ဝါရင့်နောက်ခံလူဒေးဗစ်ထန်း ပြန်လည် ပါဝင်လာခဲ့သည်။

ရန်ကုန်ယူနိုက်တက် ကွင်းလယ်လူ ဒေးဗစ်ထန်းသည် ၂၀၁၂ ခုနှစ်မှ စတင်ကာ မြန်မာ့လက်ရွေးစင်အသင်းတွင် ရွေးချယ်ခံခဲ့ရပြီး အသင်းအတွက် ၂၆ ပွဲ ကစားထားကာ နှစ်ဂိုးထိ သွင်းယူပေးထားသည့် ကစားသမားတစ်ဦးဖြစ်သည်။ အဆိုပါ လက်ရွေးစင်အသင်းလူစာရင်းကို ကစားသမား ၂၄ ဦးဖြင့် ဖွဲ့စည်းထားပြီး လာမည့် ဧပြီ ၂၁ ရက်မှ စတင်ကာ မေလ ၁ ရက်နေ့အထိ စခန်းဝင် လေ့ကျင့်မှုများ ပြုလုပ် သွားမည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် လက်ရှိတွင် အနီးစပ်ဆုံးနိုင်ငံတကာခြေစမ်းပွဲအဖြစ် မလေးရှားလက်ရွေးစင်အသင်းနှင့် မေ ၂၈ ရက်တွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားရန် စီစဉ်ထားပြီး ယင်းပွဲမတိုင်ခင်တွင် မြန်မာနေရှင်နယ်လိဂ်မှ နိုင်ငံခြားသားများဖြင့် ဖွဲ့စည်းမည့် MNL All Star အသင်းနှင့် ဧပြီ ၃၀ ရက်၌ ခြေစမ်းကစားရန်လည်း စီစဉ်လျက်ရှိသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၁၆ ဆူဇူကီးပြိုင်ပွဲတွင် လက်ရွေးစင်အသင်းအောင်မြင်မှုရရှိရန်အတွက် နိုင်ငံတကာလက်ရွေးစင်အသင်းများ ဖိတ်ခေါ်၍ ခြေစမ်းပွဲများ ကစားခြင်း၊ လေးနိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲ ပြုလုပ်ခြင်း၊ ဥရောပနိုင်ငံများသို့ သွားရောက်လေ့ကျင့်မှု ပြုလုပ်ခြင်းများ စီစဉ်ပေးလျက်ရှိသည်။

မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် မလေးရှားအသင်းနှင့် ခြေစမ်းပွဲအပြီးတွင် ဇွန်လအတွင်း၌ လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပပြုလုပ်ရန် စီစဉ်ထားပြီး အိမ်ရှင်မြန်မာအပါအဝင် စင်ကာပူလက်ရွေးစင်အသင်း၊ ဗီယက်နမ်လက်ရွေးစင်အသင်းနှင့် ဟောင်ကောင် (သို့) အာဆီယံလက်ရွေးစင်အသင်းတစ်သင်းတို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။
ပဏာမ မြန်မာ့ လက်ရွေးစင် အသင်းလူစာရင်း

ဂိုး– ကျော်ဇင်ဖြိုး (မကွေး)၊ ပြည့်ဖြိုးအောင် (ဆောက်သမ်းမြန်မာ)၊ ရန်အောင်လင်း (ရတနာပုံ)

နောက်တန်း- ကျော်ဇင်လွင်၊ နန္ဒကျော် (မကွေး)၊ ဇော်မင်းထွန်း၊ ဒေးဗစ်ထန်၊ သီဟထက်အောင် (ရန်ကုန်)၊ အောင်ဇော် (ဟံသာဝတီ) ၊ ဟိန်းသီဟဇော် (ရှမ်း)၊ ဖြိုးကိုကိုသိန်း (ဧရာဝတီ)
အလယ်တန်း- လှိုင်းဘိုဘို၊ ရဲကိုဦး၊အောင်သူ၊မျိုးကိုထွန်း (ရတနာပုံ)၊ ရန်အောင်ကျော်၊ ကြည်လင်း (ရန်ကုန်)၊ သီဟဇော် (ဧရာဝတီ)၊ မောင်မောင်လွင် (ဟံသာဝတီ)၊ ရန်နိုင်ဦး (ရှမ်း)

ရှေ့တန်း -ကျော်ကိုကို၊ သန်းပိုင် (ရန်ကုန်)၊ ဆမ်လန်မန် (ချင်း)၊ ဝင်းနိုင်စိုး (ရတနာပုံ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly