ထိုင်းဝန်ကြီးချုပ်က ၎င်း၏လစာနှင့် စရိတ်ငွေများကို ဖောင်ဒေးရှင်းများသို့ လှူဒါန်းသွားမည်

ထိုင်းဝန်ကြီးချုပ်က ၎င်း၏လစာနှင့် စရိတ်ငွေများကို ဖောင်ဒေးရှင်းများသို့ လှူဒါန်းသွားမည်

ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်းသည် ၎င်း၏ ရာထူးသက်တမ်းအတွင်း ရရှိမည့် လစဉ် လစာငွေအားလုံးနှင့် အကျိုးခံစားခွင့် စရိတ်ငွေများကို နိုင်ငံရှိ ဖောင်ဒေးရှင်းအသီးသီးသို့ လှူဒါန်းရန် ကတိပြုထားကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူ ချိုင် ဝါချရွန်က စက်တင်ဘာ ၂၈ ရက်တွင် ပြောသည်။

ဝန်ကြီးချုပ်သည် ၎င်းကိုယ်တိုင်မှ စတင်လျက်ဖြင့် ပေးကမ်းခြင်း၏ စွမ်းအားအပေါ် ယုံကြည်မှု ရှိကြောင်း မစ္စတာ ချိုင်က ပြောပြီး တချိန်တည်းမှာပင် ထိုင်းအစိုးရအနေဖြင့် ပြည်သူများ၏ ကောင်းကျိုးချမ်းသာများ တိုးတက်စေရန်၊ အခွင့်အလမ်းများ ဖန်တီးရန်၊ လူမှုဆိုင်ရာ ကွာဟချက်များကို လျော့ကျစေရန်နှင့် ကလေးများ၏ ပညာရေးကို ထောက်ကူပံ့ပိုးရန် မူဝါဒများကို စတင်အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း ပြောသည်။

မစ္စတာ ဆရတ်သာ၏ ဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် ရရှိသည့် စုစုပေါင်း လစဉ်ဝင်ငွေ ဘတ် ၁၂၅,၅၉၀ (လစာ ၇၅,၅၉၀ ဘတ်နှင့် ရာထူးဆိုင်ရာ ခံစားခွင့် စရိတ် ဘတ် ၅၀,၀၀၀) ကို အကူအညီ လိုအပ်နေသူများအတွက် ကူညီရန် ဖောင်ဒေးရှင်းများမှတဆင့် လမ်းကြောင်းဖော် ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်နည်းကိုင်နည်းက ပါလီမန်စနစ်အတွင်း ပုံမှန် ဥပဒေပြုမှုလုပ်ငန်းစဉ်အပေါ် လုံးဝဥဿုံ မှီခိုခြင်းထက် ပိုမို မြန်ဆန်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ထို့ပြင် ဝန်ကြီးချုပ်၏ လှူဒါန်းမှုများကို ဦးစားပေးမှု အစီအစဉ်အရ လက်ခံရရှိမည့် ဖောင်ဒေးရှင်းများကို ရွေးချယ်မည့် အလုပ်အဖွဲ့တခုကိုလည်း ဖွဲ့စည်းမည် ဖြစ်ကြောင်းနှင့် ကလေးသူငယ်များဆိုင်ရာ ဖောင်ဒေးရှင်းက ပထမဆုံး အကျိုးခံစားခွင့်ရမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

လှူဒါန်းမှုများ ပြုလုပ်ခြင်းအပြင် ထိုင်းဝန်ကြီးချုပ်အနေဖြင့် ပရဟိတ ဖောင်ဒေးရှင်းများနှင့် တွေ့ဆုံပြီး ၎င်းတို့ ကြုံတွေ့နေရသည့် အခက်အခဲပြဿနာများကို နားထောင်ပေးကာ  ဖြေရှင်းချက်နည်းလမ်းများ ရှာဖွေရန် ကြိုးပမ်းလုပ်ဆောင်လိမ့်မည် ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

Srettha to donate his pay, allowances to foundations
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly